ထိုင်း – ကရင်နီ နယ်စပ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို KA သိမ်းပိုက်

ထိုင်း – ကရင်နီ နယ်စပ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို KA သိမ်းပိုက်

ထိုင်း – ကရင်နီ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ (စစ်ဆင်ရေးခြေကုပ်စခန်း)/ တောင်ကတုံးစခန်းကို ကရင်နီပြည်တပ်မတော် (KA) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း (မ်) ကို အတည်ပြုပြောကြားပါတယ်။

တောင်ကတုံးတပ်စခန်းဟာ ထိုင်း – ကရင်နီ နယ်စပ်မှာ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးကျန်ရှိတဲ့ တပ်စခန်းတခုဖြစ်ပါတယ်။

KA က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ စစ်ဆင်ရေးစတင်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတပ်စခန်းမှာ စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်သာရှိနိုင်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ခန့်မှန်းပြောဆိုထားပါတယ်။

“ကျနော်တို့အဖွဲ့ ဝင်ပြီး ရှင်းလင်းရေးလုပ်တယ်လေ။ လုပ်တော့ ကျနော်တို့ နေရာယူထားလိုက်တယ်။ အဲ့ဒီစခန်းက အရင်က ကျနော်တို့ Control စက်ထားတဲ့နေရာလေ။ ကျနော်တို့က ဒရုန်းနဲ့ပစ်တယ်၊ လက်နက်ကြီးနဲ့ပစ်တယ်။ သူတို့ မခံနိုင်တော့ ပြန်ဆုတ်တဲ့သဘောပေါ့။ နယ်စပ်မှာ ဒီစခန်း နောက်ဆုံးပဲ။ တခြားမရှိတော့ဘူး” လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်သား အကျအဆုံးရှိနိုင်ပြီး လက်နက်ခဲယမ်း၊ ကား တချို့ကိုလည်း KA က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကတုံးတပ်စခန်းဟာ တောင်ထိပ်မှာတည်ရှိတဲ့ စခန်းကုန်းဖြစ်ပြီး အရင်က ကရင်နီပြည်တပ်မတော် (KA) ရဲ့ အခြေစိုက်ရာ တပ်စခန်းဖြစ်ပေမယ့် စစ်ကောင်စီက လာရောက်တိုက်ခိုက်ခဲ့ပြီး တပ်စွဲနေရာယူထားခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီလို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ရှင်းပြပါတယ်။

“ကျနော်တို့က တစ်ပြည်လုံးကို သိမ်းချင်တာပေါ့၊ ဒါပေမယ့် အခြေအနေအရပေါ့။ ဒီတစ်ခုထဲမဟုတ်ပါဘူး။ ကရင်နီပြည်တခုလုံးမှာတော့ စစ်ကောင်စီချုပ်ငြိမ်းအောင် လုပ်ရမှာပဲ။ ကျနော်တို့ ရည်ရွယ်ထားတယ်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့ကတော့ ကရင်နီနဲ့ ထိစပ်နေတဲ့ ထိုင်း – ရှမ်း နယ်စပ်က လွိုင်ဆမ်မုန်းတပ်စခန်းတွင်းကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ဆိုတရှားမြို့နယ် (ထိုင်း – ကရင်နီနယ်စပ်) က စစ်ကောင်စီရဲ့ မယ်လယုတပ်စခန်းကို KA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီစခန်းက ခလရ (၁၃၄) တပ်သားတွေဟာ စခန်းဆုတ်ခွာ ထွက်ပြေးပြီးနောက် ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်း၊ မိုင်း၊ ကား၊ ဆိုင်ကယ်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားတွေဟာ လက်ရှိ သိမ်းပိုက်ထားတဲ့ တောင်ကတုံးတပ်စခန်းမှာ သွားရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...