ကျောက်မဲ – ရပ်စောက်မြို့ကြားရှိ စစ်ကောင်စီဂိတ်များ စစ်ဆေး၊ ငွေတောင်းခံ ကြမ်းနေ

ကျောက်မဲ – ရပ်စောက်မြို့ကြားရှိ စစ်ကောင်စီဂိတ်များ စစ်ဆေး၊ ငွေတောင်းခံ ကြမ်းနေ

သျှမ်းပြည် ကျောက်မဲ – ရပ်စောက်သွားသည့် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးပြီး ငွေတောင်းခံမှုများ ယခင်ကထက် ပိုကြမ်းနေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့မှ ရပ်စောက်မြို့ သို့သွားသည့် လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ‌မှစတင်၍ စစ်ဆေးမှုများ တင်းကြပ်နေပြီး ငွေတောင်းခံမှုများ ကြမ်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဂိတ်ပါပဲ ၂၀ ဂိတ်လောက်ရှိတယ်။ ခရီးသည်တစ်ယောက်ကို ၅,၀၀၀ တောင်းတာ။ တချို့ဂိတ်တွေက ၁၀,၀၀၀ လောက်ပေးရတယ်။ ဂိတ်တွေကလည်း အရမ်းများတော့ လုံခြုံရေးအတွက်တောင် တော်တော်စိုးရိမ်ရတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုစစ်ကောင်စီဂိတ်များတွင် နိုင်ငံသားမှတ်ပုံတင်၊ ထောက်ခံစာများအပြင် ဖုန်းများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခရီးသည်များအတွက် လုံခြုံရေးများလည်း စိုးရိမ်ရကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက အခုလို ဆက်ပြောသည်။

“ကားပေါ်ကနေ ခရီးသည်တွေကို ဆင်းခိုင်းပြီး စစ်တယ် မေးမြန်းတယ်။ ဖုန်းတွေကလည်း အရမ်းစစ်တယ်။ အချိန်ယူပြီး စစ်တယ်။ ပုံတွေကအစ အကုန်စစ်တယ်။ ဂိတ်တိုင်းလိုလိုကို စစ်တယ်။ အရှေ့မှာစစ်ခဲ့ပြီးပြီပြောလည်း မရဘူး။ ထပ်စစ်တယ်။ ပြီးတော့ အသေးစိပ် သူတို့သိချင်တာကို မေးတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဆေးမေမြန်းမှုများကြောင့် ခရီးသည်များအတွက် စိတ်အနှောက်အယှက်များဖြစ်စေပြီး ဗထူးမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင်လည်း မူးယစ်၊ လဝက ရဲနှင့် စစ်သားတို့ကလည်း ထပ်မံ တင်းကြပ်စွာစစ်ဆေးပြီး ငွေများတောင်းခံနေကြောင်း ၎င်းကပြောသည်။

ရပ်စောက်မြို့ရှိ စစ်ကောင်စီတပ်သည် သျှမ်းတောင်မှ သျှမ်းမြောက်သို့တက်မည့် ကုန်ကားကြီးများကို ငွေကြေးပေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဂိတ်ကိုဖြတ်လိုသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များသည် စစ်ကောင်စီတပ်မှတောင်းသည့် ငွေပမာဏ ပေးနိုင်မှသာ သွားခွင့်ပြုပြီး စစ်ဆေးရေးလည်း ယခင်ကထက် ပိုတင်းကြပ်နေကြောင် သိရသည်။

ထိုပြင် ဇန်နဝါရီလတွင် ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

January 19, 2026
စိုင်းဟန်လင်း —ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို...
January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...
January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...
January 15, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်...