စစ်သားစုဆောင်းခံရသူများ ဘက်ပြောင်းခိုလှုံရန် NUG တိုက်တွန်း

စစ်သားစုဆောင်းခံရသူများ ဘက်ပြောင်းခိုလှုံရန် NUG တိုက်တွန်း

၂၀၂၄ ခုနှစ် မေလအတွင်းက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂ ကို တက်ရောက်ရန် ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကို ရောက်ရှိနေသူများကို တွေ့ ရစဉ်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) ထုတ်ပြန်သည်။

စစ်သားစုဆောင်းခံရသူ လူငယ်များအနေဖြင့် စစ်သင်တန်း တက်နေစဉ်ကာလတွင်ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများထံ ဘက်ပြောင်းခိုလှုံကြရန် တိုက်တွန်းခြင်းဖြစ်သည်။

ထို့အပြင် ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်သားများကို ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်ကဲ့သို့ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားရန်လိုအပ်ကြောင်း အသိပေးထားသည်။

ဘက်ပြောင်းခိုလှုံလာသော လူငယ်များ၏ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံးတာဝန်ယူပေးမည်ဖြစ်ပြီး လက်နက်ခဲယမ်းများ ပါရှိလာပါက ထိုက်တန်သည့် ဆုကြေးငွေများ ပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

“မလွှဲမရှောင်သာဘဲ ပါသွားခဲ့သည်ရှိသော် ပြည်သူ့ဘက်ကို လက်နက်ချအလင်းဝင်တဲ့ပုံစံမျိုးတွေ လုပ်လို့ရပါတယ်။ အလင်းဝင်လာမည့်သူများကိုလည်း ကြိုဆိုကူညီပေးသွားမှာပါ” ဟု ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ ကော်မတီအဖွဲ့ဝင် ကိုနေမင်းခန့်က ပြောသည်။

တော်လှန်ရေးတပ်များထံ လက်နက်ချ အလင်းဝင်ပါက သတ်ခံရမည်ဆိုသည့် စစ်ကောင်စီတပ်ဖွဲ့၏ ဝါဒမှိုင်းများကို နားမယောင်ပဲ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ အမြန်ဆုံး ဆက်သွယ်ခိုလှုံကြရန်ယင်းမာပင်ခရိုင်တပ်ရင်း (၁၂) မှ တပ်ထောက်တာဝန်ခံ ကိုနေမင်းက ပြောသည်။

“ကျတော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးက နွေးနွေးထွေးထွေး ကြိုဆိုတယ်။ အလင်းဝင်လာတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတာတွေလုပ်ပေးတယ် ။ နေထိုင်ဖို့အတွက်ကိုလည်း စီစဉ်ပေးတယ်။ ဒါကြောင့် လူငယ်‌တွေအနေနဲ့ စစ်ကြောင်းတွေနဲ့ ပါလာပြီဆိုရင် လစ်ရင် လစ်တဲ့နေရာက ရအောင်ထွက်ဖို့ ကြိုးစားကြပါ” ဟု ၎င်းကပြောသည်။

စစ်သားလိုအပ်ချက် များပြားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုထမ်းအပတ်စဉ်တခုကို လူဦးရေ ၅၀၀၀ နှုန်းဖြင့် စစ်သားစုဆောင်းနေသည်မှာ စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရှိလာနေပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် စစ်သားအဖြစ် အဓမ္မစုဆောင်းထာသည့် လူငယ်များကို ရှေ့ တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်လျက်ရှိရာ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိပြီး အချို့သောလူငယ်များသည် တော်လှန်ရေးအင်အားစုများထံ ကြိုတင်ဆက်သွယ်၍ လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်ခြင်း၊ အလင်းဝင်ခြင်း၊ အကြမ်းဖက်စစ်တပ်ထံမှ ထွက်ပြေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း MOD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...