ဘုရားပွဲကျင်းပနေချိန် မန်းရွှေစက်တော်အနီး စစ်ကောင်စီအင်အားဖြည့်၊ ဒေသခံများထွက်ပြေး

ဘုရားပွဲကျင်းပနေချိန် မန်းရွှေစက်တော်အနီး စစ်ကောင်စီအင်အားဖြည့်၊ ဒေသခံများထွက်ပြေး

ပုံအညွှန်း – ဘုရားဖူးလာရောက်သူနည်းပါးသည့်အတွက် လူမရှိ ဖြစ်နေသည့် ရွှေစက်တော်ဘုရားပွဲတော် တနေရာ

မင်းဘူးခရိုင်တပ်ရင်း ၆

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲကျင်းပနေချိန် လက်ပတောကျေးရွာအပါအဝင် ရွှေစက်တော်အနီးပတ်ဝန်းကျင်ရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ အင်အားဖြည့်တင်းလာ၍ ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း မင်းဘူးခရိုင်တပ်ရင်း (၆) ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က လက်ပတောကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့က အင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ရဲစခန်းအားတိုက်ခိုက်မှုတွင် စခန်းအတွင်းရှိ ဘန်ကာ၊ ကတုတ်ကျင်းနှင့် အဆောက်အဦး ပျက်စီးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်မှုကို အတည်ပြုနေကြောင်း မင်းဘူးခရိုင်တပ်ရင်း (၆) တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ရေစက်တော်ဘုရားအနီးရှိ အိုင်းမနှင့် လက်ပတောကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

”ဘုရားပွဲမလုပ်ခင်ကလည်း စစ်တပ်က စစ်ကြောင်းထိုးဖူးတယ်။ ကျွန်မတို့ရွာရဲ့ ဘေးပတ်ဝန်းကျင်ရွာတွေကိုလည်း မီးရှို့တာတွေရှိတယ်။ အခုလည်း ဘုရားပွဲလုံခြုံရေးအကြောင်းပြပြီး စစ်ကြောင်းထိုးမယ့်ပုံစံမှာရှိတယ်။ လေကြောင်းပျံသန်းတာတွေလည်းရှိတယ်” ဟု ဒေသခံမျိုးသမီးတဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းဦးနှင့် မကွေးတိုင်း အစိုးရအဖွဲ့ဝင်များက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူ မရှိသလောက်နည်းကြောင်း မင်းဘူးမြို့ခံတဦးက ပြောသည်။

စစ်ကောင်စီသည် အညာဒေသ၌ စစ်ရေးတည်ငြိမ်နေကြောင်း ပြသလို၍ ရွှေစက်တော်ဘုရားပွဲစည်ကားရန် ကြိုးပမ်းနေပြီး မင်းဘူး၊ ပွင့်ဖြူ၊ စလင်းမြို့နယ်များ၌ စစ်ရေးတင်းမှာနေသောကြောင့် ပြည်သူများ သတိပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

“ဘုရားဖူးလာတဲ့သူတွေကို အသုံးချပြီး ကျတော်တို့ကို စစ်ရေးအရ အသာစီးယူဖို့ ကြိုးစားလာနေတာတွေရှိလို့ ပြည်သူတွေကို အသုံးချခံမဖြစ်စေချင်ဘူး” ဟု မင်းဘူးခရိုင်တပ်ရင်း (၆) မှ တာဝန်ရှိသူတဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲကို လာမည့် ဧပြီလ ၁၇ ရက်အထိ ကျင်းပမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ဘုရားပတ်ဝန်းကျင်ကျေးရွာများတွင် စစ်ကောင်စီက အင်အားတိုးချဲ့လာ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။၏

မန်းရွှေစက်တော်ဘုရားအနီးရှိ ဥယျာဉ်ရွာ၊ ဘုရားရွာ၊ ကိုင်းမကြီး၊ သံပုရာကိုင်း၊ လောက်ပုလဲ၊ ပုဒေါင်း စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ စစ်ကောင်စီတပ်ဖွဲ့နှင့် နီးကပ်စွာ မနေထိုင်ကြရန် မင်းဘူးခရိုင်တပ်ရင်း (၆) က သတိပေးထားသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...