မွန်ပြည်နယ်တွင် လွန်ခဲ့သည့်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ယခင် ၃ နှစ်တာ စုစုပေါင်းထက် ပိုများ

မွန်ပြည်နယ်တွင် လွန်ခဲ့သည့်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ယခင် ၃ နှစ်တာ စုစုပေါင်းထက် ပိုများ

မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု မွန်လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များက ပြောသည်။

အဆိုပါ အကြိမ်ရေ ၄၂ ကြိမ်မှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၃ နှစ်တာကာလ တိုက်ခိုက်ခံရမှုထက် အကြိမ်ရေ ပိုများလာခြင်းဖြစ်သည်ဟု ဇန်နဝါရီလ၊ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် လဂွန်းအိမ်စာစဉ်၏ မွန်ဒေသ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မွန်ပြည် လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ (MSHN) က မိဆောင်းက “ခြေမြန်စစ်သည်တွေကလည်း ရှေ့တန်းသွားရင် ထွက်ပြေးတာရယ်၊ သေတာရယ်၊ အလံဖြူထောင်ပြီး အလင်းဝင်နေကြတာဆိုတော့ အားကိုးစရာ လေကြောင်းတိုက်ခိုက်မှုပဲ ရှိနေတာဖြစ်တဲ့အတွက် နောက်ပိုင်း ပိုပြီးဆိုးရွားဖို့ပဲ ရှိပါမယ်လို့ ထင်မြင်မိပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ ၃ နှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၁ ကြိမ်သာ ရှိခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် အကြိမ်ရေ ၄၂ ကြိမ်ထိ ရှိခဲ့သည်ဟု ဆိုသည်။

မွန်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု ပိုများလာရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီတပ်သည် တိုက်ပွဲများအတွင်း ရှုံးနိမ့်မှုများ၊ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးလာနေခြင်းများ၊ မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းတို့ကြောင့်ဖြစ်သည်ဟု မိဆောင်းက ဆက်ပြောသည်။

“လေကြောင်းတိုက်ခိုက်မှသာ သူတို့ အခြေအနေကောင်းမှာမို့၊ စစ်ကူအင်အား ပို့ဖို့လည်း လမ်းကြောင်းအခြေအနေတွေလည်း အဆင်မပြေဘူး။ ဒါကြောင့် လေကြောင်းကို အားကိုးမှသာ အသာစီးရနိုင်မှာဖြစ်လို့ သူတို့ တပ်ရင်းတွေကို သိမ်းခံရတဲ့ နေရာတွေဆို လေကြောင်းကိုပဲ အားကိုးတယ်လို့ ထင်မိပါတယ်။ စကစက သူရဲ့ တပ်ရင်း၊ တပ်မ၊ တပ်ခွဲ ဗျူဟာကုန်းတွေကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ရရှိတာနဲ့ လေကြောင်းတိုက်ခိုက်မှုကို ပိုလုပ်မှာပဲ စကစမှာ အားကိုးစရာ လေကြောင်းပဲ ရှိတော့တာလေ”

စစ်ကောင်စီ၏ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများသည် မွန်ပြည်အတွင်းရှိ ကျိုက်မရော၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင်ဖြစ်ပြီး ကျိုက်မရောမြို့နယ်သည် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း နေအိမ် အလုံးရေပေါင်း ၆၃၃ လုံး၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ အလုံးပေါင်း ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု လဂွန်းအိမ်စာစဉ်၏ အချက်အလက်များအရ သိရသည်။

အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးများကို မျက်ကွယ်ပြုကာ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုမျိုးစုံအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည် မွန်ပြည် မြောက်ပိုင်းက စစ်ရေးနှင့်ပတ်သက်၍ မြေပြင်တွင် အချက်အလက်များ ကောက်ခံသူတစ်ဦးက ပြောသည်။

“စကစ အနေနဲ့ လူ့အခွင့်အရေးဆိုတာ သူနားမလည်သလို သူရဲ့ စစ်သည်တွေလည်း လူ့အခွင့်အရေးရဲ့ အဓိပ္ပာယ် ကို မသိနားမလည်နေပါဘူး။ သူတို့ကို အဲ့လိုဖြစ်အောင်လဲ ပုံစံသွင်းထားတာပဲလေ။ အခုလို ပြည်သူ တွေအပေါ် လေကြောင်းနဲ့တိုက်ခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို သိချင်မှ သိပါလိမ့်မယ်။ စကစရဲ့ အတွေးထဲမှာ ငါတို့ မစိုးမိုးနိုင်တဲ့ နေရာတွေအားလုံး တော်လှန်ရေးအင်အားစုတွေ မရရေးကိုပဲ ရှေးရှုနေတာပါ”

စစ်ကောင်စီသည် အကြောင်းမဲ့ လေယာဉ်နှင့် ဗုံးကြဲခြင်းအပြင် အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယနေ့ထိတိုင် ဆိုးရွားစွာ ကျူးလွန်နေဖြစ်သည်ဟု လဂွန်းအိမ်စာစဉ်က ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်တွင် စစ်ရေးပဋိပက္ခအရှိန်သည် ယခင်နှစ်များထက် ပိုမိုအားကောင်းလာပြီး တစ်နှစ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၁၉၀ ကြိမ် ဖြစ်ပွားခဲ့သည်ဟု အဆိုပါစာစဉ်က ဆိုသည်။

AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...