ပဒါန်းမြို့ကို ဝင်ခွင့်ပိတ်လိုက်၍ ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံပြည်သူများ တိုက်ပွဲကြားတွင် ပိတ်မိနေ

ပဒါန်းမြို့ကို ဝင်ခွင့်ပိတ်လိုက်၍ ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံပြည်သူများ တိုက်ပွဲကြားတွင် ပိတ်မိနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း - ပဒါန်းကြားရှိ ကျေးရွာ ပေါင်း ၁၀ ကျော်မှ ဒေသခံပြည်သူများမှာ တိုက်ပွဲကြား ပိတ်မိနေကြောင်း သတင်းရရှိသည်။

၎င်းကျေးရွာများမှာအမ်း - ပဒါန်းကြားရှိ စာတပ်ကူ၊ ဆုံကုံး၊ ပြန်ကျီ၊ စပြွန်၊ စပြွန်ဂိတ်၊ စပ်စီ၊ မြေလပ်၊ ဂုတ်ကြီး၊ နတ်ရေကန်၊ စွန်တက်လင်း၊ တုံးကြီးနှင့် မထုံ စသည့် ကျေးရွာများဖြစ်ကြသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ရိုးပေါ်မှာ တိုက်ပွဲတွေက ဟိုနေရာ ဒီနေရာဆိုသလို ကွက်ကြားကွက်ကြားဖြစ်နေတော့ အခြေအနေက စိုးရိမ်ရတယ်။ ဒေသခံတွေက ပဒါန်းဖက်ကို ထွက်ပြေးလို့မရတော့ဘူး။ တစ်ခုထဲထွက်ပေါက် ပဒါန်းမြို့အဝင်တွေကို စစ်ကောင်စီက ပိတ်လိုက်ပြီ။ လူပေါင်း ထောင်ချီရှိပါမယ်။ ဒီရွာတွေက ပဒါန်းမြို့နယ်နဲ့ အမ်းမြို့နယ်က ရွာတွေပါ" ဟု ပြောသည်။

အမ်းရိုးပေါ်တွင် တိုက်ပွဲများဖြစ်နေသည့်အတွက် အမ်း - ပဒါန်းကြားရှိ ကျေးရွာသားများမှာ အမ်းမြို့ဘက်ကိုလည်း ထွက်ပြေး၍မရသလို တစ်ခုတည်းသော ထွက်‌ပေါက်ဖြစ်သည့် ပဒါန်းမြို့ကိုလည်း ဝင်ခွင့်ပိတ်လိုက်သည့်အတွက် တိုက်ပွဲကြားတွင် ပိတ်မိနေသည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီသည် လက်ရှိတွင် တိုက်ပွဲဖြစ်နေသည့် ရိုးပေါ်မှ နေရာများနှင့် အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ ဗုံးလာကြဲ၍ ဒေသခံပြည်သူများအနေဖြင့် အသက်အန္တရာယ် အထူးစိုးရိမ်နေရကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် ရိုးပေါ် ရှိ ကားလမ်းတချို့နှင့် ဆိုင်ခန်းငယ်တချို့ ပျက်စီးမှုရှိခဲ့သည်ဟု  အမ်းဒေသခံအမျိူးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရိုးပေါ်က ကားလမ်းတချို့ ပျက်စီးနေတာတွေရှိတယ်။ ဂုတ်ကြီးတို့ အဲဒီနားမှာ ဈေးဆိုင်တွေရှိတယ်။ ရိုး‌ပေါ်မှာ ကားသမားတွေ ဝယ်စားနေကြတဲ့ ကုန်စုံဆိုင်တွေရှိခဲ့တယ်။ အခုတော့ လူတွေမရှိတော့ဘူး။ အဲဒီဆိုင်တချို့လည်း ဗုံးတွေကျ၊ လက်နက်ကြီးကျည်တွေကျပြီး ပျက်စီးသွားတာတွေရှိတယ်" ဟု ပြောသည်။

တိုက်ပွဲကြား ထွက်ပြေးနေသည့် ဒေသခံတချို့မှာ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တချို့တွင် ဖမ်းဆီးခံရမှုများရှိနေပြီး စစ်ဆေးမေးမြန်းခံနေကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

အမ်းမြို့နှင့်မိုင် ၂၀ ကွာဝေးသည့်  စစ်ကောင်စီ၏ တောင်စောက်တောင်စခန်းကိုလည်း AA မှ သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်ကာ အဆိုပါစခန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို AA နှင့်  မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာကနေ ရိုးမပေါ်တွင် တိုက်ပွဲများလည်း အဆက်မပြတ်ဖြစ်နေသည်ဟု ဒေသခံများက ပြောကြားသည်။

March 25, 2026
ရခိုင်ပြည်တွင် စစ်ကျန် မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရသူများ...
March 24, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော်နှင့် စစ်ရေးတင်းမာနေသည့် ရခိုင်ပြည် မြို့တော်စစ်တွေတွင်...
March 23, 2026
ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး...
ဓာတ်ပုံ - ပုံဟောင်း
March 21, 2026
နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က...