မယ်လစခန်း၌ မူးယစ်ဆေးသုံးစွဲမှုများလာ၍ စစ်ဆေးအရေးယူမည်

မယ်လစခန်း၌ မူးယစ်ဆေးသုံးစွဲမှုများလာ၍ စစ်ဆေးအရေးယူမည်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်း၌ လူငယ်များအကြား နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးသုံးစွဲမှု များလာသည့်အတွက် စစ်ဆေးအရေးယူမှု ပြုလုပ်သွားမည်ဟု စခန်းအတွင်းရေးမှူး စောဆန်းဒေးက ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းထဲတွင် ၁၀ ကျော်သက်အရွယ်လူငယ်များ မူးယစ်ဆေးသုံးစွဲမှုရှိနေသလို လူငယ်အမျိုးသမီးများလည်း သုံးစွဲမှုတိုးလာနေသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် လာမည့်အပတ်မှစ၍ ရပ်ကွက်အတွင်း သွားလာသည့် လူငယ်များကို စတင်စစ်ဆေးသွားမည်ဖြစ်ပြီး ဆီးစစ်ချက်ပေါ်ပါက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သလို WY မူးယစ်ဆေးအဆင့် ရောင်းဝယ်သုံးစွဲသူများကို တွေ့ရှိပါက ထိုင်းအာဏာပိုင်ထံ လွှဲပြောင်းပေးသွားမည်ဟု စခန်းတာဝန်ရှိသူ စောဆန်းဒေးက ယခုလိုပြောသည်။

“လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်ဘက်ကတော့ ပိုမိုတင်းကြပ်လုပ်ဆောင်သွားမယ်။ အခုက ဒုက္ခသည်စခန်း တာဝန်ယူထားတဲ့သူဖြစ်စေ ရပ်ကွက်ထဲဆင်းပြီး အချိန်မတော်သွားလာတာ၊ ထူးခြားတာတွေ့ရင် စစ်ဆေးသွားမယ်။ ကျနော်တော်တို့မှာ ဒီလိုဆီးစစ်တဲ့ဟာတွေကလဲ လုံလောက်မှုမရှိတော့ တဖြည်းဖြည်း လုပ်ဆောင်သွားမယ်” ဟု ၎င်းက ကေအိုင်စီသို့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြောသည်။

အဆိုပါ မူးယစ်ဆေးတိုက်ဖျက်ရေးအစီစဉ်ကို ဒုက္ခသည်စခန်းတာဝန်ယူထားသည့် ထိုင်းအာဏာပိုင် “ပလာ” ၏ လမ်းညွန်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သလို ဆေးဘက်ဆိုင်ရာ ဆီးစစ်စဉ် မူးယစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိပါက တစ်ဦးကို ဘတ်ငွေ ၁,၀၀၀ ဒဏ်ရိုက်မည်ဖြစ်ပြီး (၃) ကြိမ်တိုင် စစ်ဆေးတွေ့ရှိသူကို စခန်း၌ နေထိုင်ခွင့်မပေးတော့ဘဲ ထွက်ခွာရမည်ဟု သတ်မှတ်ထားသည်။

ထို့အပြင် စခန်းတွင် ကျောင်းနေအရွယ်ကလေးအပါအဝင် လူငယ်အများစုသည် tramadol ဆေးလုံး၊ ချောင်းဆိုးဆေးရည်နှင့် ကိုကာကိုလာအချိုရည်ကို တွဲစပ်ထားပြီး မူးယစ်စေသည့် ဆေးရည်များကို သုံးစွဲကြကာ လူငယ်များ ပညာရေးဘက်တွင် ထိခိုက်မှုများလည်းရှိကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

“လူငယ်တွေက ဒီလို မူးယစ်ဆေးသုံးစွဲတာများတော့ ဦးနှောက် ပုံမှန် သိပ့်အလုပ်မလုပ်တာတွေက များလာတယ်။ ပြီးတော့ အများအားဖြင့် အသက်မပြည့်သေးတဲ့ လူငယ်တွေများတယ်။ မူးယစ်ဆေးဖြတ်တဲ့နေရာဖြစ်တဲ့ DARE မှာလည်း နေရာလုံလောက်မှုမရှိဘူး။ ဒီလို မူးယစ်ဆေးသုံးစွဲမှုများလာတော့ စခန်းထဲမှာ ပစ္စည်းခိုးမှုတွေလည်း များလာတယ်” ဟု စောဆန်းဒေးက ဖြည့်စွက်ပြောသည်။

ထို့အပြင် ဒုက္ခသည်စခန်းထဲရှိ မူးယစ်ဆေးဖြတ်ဌာန DARE ၌ လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်ဝါရီတွင် မူးယစ်ဆေးဖြတ်ရန် စာရင်းပေးထားသူ လူငယ် ၇၀ ဦးကျော်ရှိပြီဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မယ်လဒုက္ခသည်စခန်းထဲတွင် ရပ်ကွက် ၂၁ ခုရှိကာ လူဦး ၃၀,၀၀၀ ကျော်နေထိုင်ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုထဲတွင် အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

Most read this week

Photo: KNA
January 24, 2026
ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို...
January 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင်...
January 22, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင်...
January 22, 2026
KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း...