ဂွမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ဘေးရှောင်လူဦးရေ နေ့စဉ်များပြားကာ အကူအညီများလိုအပ်နေ

ဂွမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ဘေးရှောင်လူဦးရေ နေ့စဉ်များပြားကာ အကူအညီများလိုအပ်နေ

လက်ရှိ ဂွမြို့နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး စစ်ဘေးရှောင်ဦးရေမှာ နေ့စဉ်များပြားလျက်ရှိကာ အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီများထံမှ သိရသည်။

စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုများကြောင့် ဂွမြို့နယ် စစ်ဘေးရှောင်များအတွက် ဆန်နှင့်ဆေးဝါးများ သယ်ယူရခက်ခဲကာ လိုအပ်ချက်မြင့်မားနေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက“လိုအပ်ချက်တွေက တော်တော်များပါတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ စစ်ကောင်စီက ရွာတွေကိုဗုံးကြဲနေတော့ နေ့တိုင်း စစ်ရှောင်တွေတိုးလာနေတယ်။ စစ်ရှောင်တွေ နေရာတွေကိုပါ မရှောင်ဘဲ ဗုံးကြဲမှာဆိုတော့ အစစအရာရာ လျှို့ဝှက်ပြီးလုပ်ရတယ်။ အခုစောင်တွေ အနွေးထည်တွေလည်း လိုတယ်။ ဆန်ကတော့ အဓိကပေါ့။ နောက်ဆုံးဆန်ရှိရင် ဆန်ပြုတ်ကျိုသောက်လို့ရတယ်။ နောက်ဆေးဝါးတွေ လိုနေပါတယ်”ဟုပြောသည်။

စစ်ဘေးရှောင်များတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ပါဝင်လျက်ရှိပြီး စားနပ်ရိက္ခနှင့် ဆေးဝါးလိုအပ်နေသည့်အပြင် စစ်ကောင်စီ၏ ဗုံးကြဲမည်ကိုပါ စိုးရိမ်နေကြသောကြောင့် စိတ်ထိခိုက်မှုများလည်းရှိကြောင်း သူမကဆက်ပြောသည်။

စစ်ရှောင်များ၏ လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ "ထမင်း တစ်နပ် တစ်ထောင်ကျပ်" အမည်ဖြင့် ကမ်ပိန်းတစ်ရပ်အဖြစ် အလှူငွေများကို ကောက်ခံလျက်ရှိပြီး ရရှိလာသော အလှူငွေများကို စစ်ဘေးရှောင်များလိုအပ်နေသည့် စားနပ်ရိက္ခာအတွက် ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ကူညီလျက်ရှိကြောင်း သိရသည်။

စစ်ရှောင်ကူညီသူတစ်ဦးမှ“ဂွမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အတူ စစ်ဘေးရှောင်လူဦးရေ နေ့တိုင်းများလာတယ်။ အခု သောင်းဂဏန်းရှိသွားပြီ။ စစ်ရှောင်တဲ့ဒေသတွေလည်း တိုးချဲ့ထားရတယ်။ စစ်ရှောင်စခန်းတွေကတော့ များပါတယ်။ (၁၀) ခုထက်မနည်းရှိပါတယ်။ လုံခြုံရေးအရ နေရာတော့ ပြောလို့မရပါဘူး။ အလှူရှင်တွေနည်းပါးလာတာကြောင့် ကူညီရေးလုပ်ငန်းတွေလည်း အင်အားလျော့နည်းနေတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်စခန်းများ တိုးချဲ့ဖွင့်လှစ်နေရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း သူကဆက်ပြောသည်။

ဂွမြို့နယ် တိုက်ပွဲဖြစ်ပွားနေရာများမှ စစ်ရှောင်ပြည်သူများ ထပ်မံဝင်ရောက်ခိုလှုံလျှက်ရှိ‌နေပြီး ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ယာယီစစ်ရှောင်စခန်းများတွင် နေထိုင်ရေး၊ အစားအသောက်များနှင့် ကျန်းမာရေးအတွက် ဆေးဝါးများထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးထားသော်လည်း လိုအပ်ချက် မြင့်မားနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

အာရက္ခတပ်တော်သည် တဖြည်းဖြည်း ဂွမြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်သည် ဂွမြို့ မြောက်ဘက် (၅) မိုင်ခန့်အကွာ ရွာသစ်ကုန်းကျေးရွာမှ ထပ်မံ၍ခုခံရန် ပြင်ဆင်ထားပြီး ရွာသစ်ကုန်းအနီးဝန်းကျင်တွင် လက်ရှိ တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...