ဒေါနိုးကူးစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရပြည့်ဝတဲ့ အစားအစာကို မစားသုံးနိုင်တာကြောင့် ကလေးအာဟာရချို့တဲ့မှာစိုးရိမ်

ဒေါနိုးကူးစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရပြည့်ဝတဲ့ အစားအစာကို မစားသုံးနိုင်တာကြောင့် ကလေးအာဟာရချို့တဲ့မှာစိုးရိမ်

ထိုင်း-ကရင်နီ နယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဟာရပြည့်ဝတဲ့ အစားအစာကို လုံလောက်စွာ မစားသုံးနိုင်တာကြောင့် မွေးဖွားလာမယ့်ကလေးတွေ အာဟာရချို့တဲ့မှာကို စိုးရိမ်မှုရှိကြတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကိုသာ မှီခိုအားထားနေရတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဝင်ငွေရ အလုပ်အကိုင်မရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အသား၊ ငါးနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မဝယ်နိုင်ကြဘူးလို့ ဆိုပါတယ်။

“အာဟာရမှုန့်က ကျန်းမာရေးအဖွဲ့က ပေးတာပေါ့နော်။ အာဟာရအတွက်က ပိုက်ဆံမရှိရင် ဝယ်လို့မရဘူးပေါ့။ ပိုက်ဆံရှိရင် ဝယ်နိုင် စားနိုင်တာပေါ့နော်။ အစာအာဟာရက အရေးကြီးတာပေါ့။ အလိုအပ်ဆုံးဆိုပေမယ့် ပိုက်ဆံမရှိတော့ မစားနိုင်ဘူး၊ မစားသောက်နိုင်ဘူး။ ဆိုတော့ ကလေးအတွက် အာဟာရ ချို့တဲ့နိုင်တာပေါ့” လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ဒေါနိုးကူးစစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင် မိခင် ၁၄ ဦးနဲ့ မီးဖွားပြီးခါစ မိခင် ၄ ဦး ရှိပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ အစာအာဟာရကို ပြည့်ပြည့်ဝဝ စားနိုင်မှသာ ကလေးကြီးထွားမှု ပိုမြန်မှာဖြစ်ပြီး မစားနိုင်ရင်တော့ ကလေးငယ်တွေမှာ အာဟာရချို့တဲ့တာတွေ ဖြစ်လာနိုင်တယ်လို့ ဆေးပေးခန်း ဆရာမတစ်ဦးက အခုလိုပြောပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်က‌ ကိုယ်ဝန်ဆောင်နေတဲ့ ကာလအတောအတွင်းမှာ အာဟာရမှုန့်ကို လစဥ်လစဥ်‌ပေါ့နော် တစ်ထုတ်စီပေးတာ‌ပေါ့။ တစ်ထုတ်စီပေးတော့ အာဟာရမှုန့်က သူတို့ တစ်လတောင်မှ မစားနိုင်ဘူး။ မလောက်ဘူးပေါ့။ ဒီအာဟာရမှုန့်ဆိုလို့ရှိရင် စျေးတွေလည်းကြီးတယ်။ အစားအသောက်တွေ ပြည့်ပြည့်ဝ မစားရတဲ့အတွက်ကြောင့်မို့လို့ အာဟာရချို့တဲ့တာတွေလည်း ဖြစ်လာနိုင်တယ်” လို့ ဆေးပေးခန်း ဆရာမတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရရှိတဲ့ အစားအစာတွေကို ဝယ်ယူစားသုံးနိုင်ဖို့ အဖွဲ့အစည်းတချို့က ငွေကြေးနဲ့ အာဟာရမုန့်တွေ လှူဒါန်းတာရှိပေမယ့် စစ်ရှောင်စခန်းအားလုံးကို လွှမ်းခြုံနိုင်ခြင်းတော့ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဟာရချို့တဲ့မှုများလာသလို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာဒေသတွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ လက်လှမ်းမမှီသေးဘူးလို့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း ဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...