စစ်ကောင်စီကစစ်ကြောင်းထိုးလာ၍ ဖာပွန်-ကမမောင်းလမ်းအနီးရှိ ကျေးရွာများ စစ်ဘေးရှောင်

စစ်ကောင်စီကစစ်ကြောင်းထိုးလာ၍ ဖာပွန်-ကမမောင်းလမ်းအနီးရှိ ကျေးရွာများ စစ်ဘေးရှောင်
ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)

ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားလာမည်ကိုစိုးရိမ်သဖြင့် အနီးအနားရှိကျေးရွာများမှဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း ဖာပွန်-ကမမောင်းလမ်းပေါ်၌ နှစ်ပေါင်း ၇၀ ကျော်ကြာ အထိုင်ချထားသည့် ကူးဆိပ်နှင့် မထော စစ်ကောင်စီစခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီစခန်းအနေဖြင့် တောင်သုံးလုံး၊ ခွေးသေနှင့် ကတိုင်တိစခန်းတို့သာကျန်တော့သည်။

အဆိုပါစခန်းများ လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကြောင်းထိုးနေပြီး အဆိုပါစစ်ကောင်စီစစ်ကြောင်းကို တပ်မဟာ (၅) KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သည့် ကတိုင်တိ၊ တံခွန်တိုင်၊ ဝါသို့ခို့၊ ကူးဆိပ်၊ မထော၊ ဖာလိုး၊ ဘောကျို့လယ် စသည့်ရွာများနှင့် အနီးအနားကျေးရွာများမှ ဒေသခံများသည် ကမမောင်း၊ မြိုင်ကြီးငူ၊ ဘားအံဒေသများသို့ တိမ်းရှောင်နေကြကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူထံက သိရသည်။

“တောင်သုံးလုံးစခန်းနားက ရွာတွေ၊ ပြီးတော့ ခွေးသေ၊ ဝါသို့ခို့ အနီးအနားက ရွာတွေကလူတွေအားလုံးက ဒီဘက်ကို ရွှေ့လာကြပြီ။ အကုန်လုံး မရှိတော့ဘူးနော် ရှောင်ကုန်ကြပြီ။ အခု ကတိုင်တိကနေ ကမမောင်းအထိ လမ်းပိတ်ထားတယ်၊ ဘယ်ဘက်ကပိတ်လဲတော့မသိဘူး၊ ပေးမသွားဘူး” ဟု ကမမောင်းဒေသခံအမျိုးသမီး တဦးက ပြောသည်။

ထို့ပြင် ဖာပွန်-ကမမောင်း ကားလမ်းအပါအဝင် အနီးအနားကျေးရွာများအတွင်း မိုင်းများထောင်ထားမှုကြောင့် ဒေသခံများ မိုင်းနင်းမိပြီး ထိခိုက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ကမမောင်းဒေသခံက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဘောကျို့လယ်ရွာရှိမိဘများထံ ဆိုင်ကယ်ဖြင့် အလည်ပြန်လာသည့် မိသားစုသုံးဦး ဝါသို့ခို့ရွာအနီးတွင် မိုင်းမိပြီး အသက်တနှစ်ခွဲအရွယ် ကလေးငယ်တဦးနှင့် အသက် ၂၀ ကျော်အရွယ် မိဘနှစ်ဦး ပြင်းထန်ဒဏ်ရာများဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

“မိဘတွေဆီ အလည်ပြန်လာကြတာ။ လမ်းအခြေနေ သူတို့မသိဘူး။ အဲ့ဒီလမ်းက သွားလာခွင့် ယာယီပိတ်ထားပါတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိ ဖာပွန်-ကမမောင်းလမ်းပေါ် စစ်ရေးအခြေအနေ အသေးစိတ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဓါတ်ပုံ- ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)

January 26, 2026
ဇာမဏီလင်းမောင် — ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် မြန်မာအမျိုးသား...
KNA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)
January 24, 2026
စစ်ကော်မရှင် တပ်မ (၂၂) တပ်မမှူးက မြဝတီမြို့ပေါ်မှ ကရင်နယ်အမျိုးသားတပ်မတော် (KNA) တပ်များ...
January 23, 2026
MTO — မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့်...
ဓာတ်ပုံ - ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (AFP)
January 22, 2026
ဓါတု — ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တနှစ်တာအတွင်း အရပ်သား ၂,၀၃၅ ဦးကို...