စစ်တွေနှင့်ကျောက်ဖြူမှ ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားလာခွင့်ကိုပိတ်ပင်ခံထားရသည့်အပြင် အပြောင်းအရွေ့လျှောက်ထားသူများကိုလည်း ခွင့်မပြုဟုဆို

စစ်တွေနှင့်ကျောက်ဖြူမှ ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားလာခွင့်ကိုပိတ်ပင်ခံထားရသည့်အပြင် အပြောင်းအရွေ့လျှောက်ထားသူများကိုလည်း ခွင့်မပြုဟုဆို

ရခိုင်ပြည်တွင် စစ်ကောင်စီယန္တရားလည်ပတ်မှုရှိနေသေးသည့် စစ်တွေနှင့်ကျောက်ဖြူမြိုတို့မှ ဌာနဆိုင်ရာဝန်ထမ်းများကို ခရီးသွားလာခွင့်ပိတ်ပင်ထားသည့်အပြင် အပြောင်းအရွေ့ လျှောက်ထားသူများကိုလည်း စစ်ကောင်စီခွင့်မပြုဟု သတင်းရရှိသည်။

စစ်တွေမြို့မှဌာနဆိုင်ရာဝန်ထမ်းများမှာ ခရီးသွားလာခွင့်မရသည့်အပြင် အပြောင်းအရွေ့လျှောက်ထားသူများကိုလည်း ပြောင်းရွေ့ခွင့်မပြုသဖြင့် ဝန်ထမ်းများအခက်တွေ့နေကြသည်ဟု စစ်တွေမြို့နယ်မှ အစိုးရဝန်ထမ်းအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

" စစ်တွေမြို့က ဝန်ထမ်းမို့လို့ ပြောင်းရွေ့ခွင့်မပေးဘူး။ စစ်မဖြစ်သေးလို့ အလုပ်တွေလုပ်နေရသေးလို့ ပြောင်းရွေ့ခွင့်‌လျှောက်လို့ အမိန့်ကျတာတောင် ပြောင်းခွင့်မပေးဘူး။ အခုစစ်တွေမှာဝန်ထမ်းနဲ့လက်လုပ်လက်စားတွေဘဲ ကျန်တော့တယ်။ အခုအလုပ်လုပ်နေတဲ့ ဝန်ထမ်းအများစုကလည်း ပိုက်ဆံမရှိတဲ့ဝန်ထမ်းအများစုပါ။ ရွေးချယ်စရာလမ်းမရှိဘူးလေ" ဟုပြောသည်။

လက်ရှိတွင်ဌာနဆိုင်ရာဝန်ထမ်းများမှာ စစ်ကောင်စီကသွားလာခွင့်ကို တင်းကျပ်ထားသည့်အတွက်အကျပ်အတည်းနှင့်ကြုံတွေ့နေရပြီး လုပ်ငန်းအကျိုးခံစားခွင့်လည်း မရှိတော့ဟု ၎င်းအမျိုးသမီးကပြောသည်။

" လစာရတာက စစ်တွေနဲ့ကျောက်ဖြူရတယ်။ အခြေခံဝန်ထမ်းလစာကတော့ ၃သိန်းနဲ့၄သိန်းကြားမှာ ရှိတယ်။ ဒါပေမယ့် ကုန်ဈေးနူန်းနဲ့တွက်ကြည့်ရင် ဘယ်လိုမှမဖုံလှုံဘူး။ လစာလည်း တိုးပေးတာမျိုးမဟုတ်ဘူး။ ဟိုပွဲခေါ်ရင်သွား။ ဒီပွဲခေါ်ရင်သွားရတယ်။ အန္တရာယ်ကြားမှာလုပ်နေရတယ်။ ထွက်ခွင့်လည်းမပေးဘူး" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ရေးတင်းမာနေသည့်အနေအထားရှိသည့်အတွက် မြို့ခံများမှာရှောင်တိမ်းကြသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများမှာ အလုပ်ဆက်လုပ်နေကြရ‌သည်ဟု ကျောက်ဖြူမြို့ခံဌာနဆိုင်ရာဝန်ထမ်းနှင့် ဆွေမျိုးတော်စပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

" မြို့ခံတွေကတော့ နီးစပ်ရာထွက်ပြေးကြတယ်။ ကျန်းမာရေးဝန်ထမ်းတချို့၊‌ ကျောင်းဆရာမတချို့ လည်း ကိုယ့်ရွာကိုပြန်ကြတာရှိတယ်။ တချို့ဝန်ထမ်းကတော့ မြို့မှာအလုပ်လုပ်နေကြရတယ်။ ပြည်မကို‌တော့ ထွက်ခွင့်မ‌ပေးဘူး။ ကျောက်ဖြူမြို့ထဲမှာဘဲနေကြရပါတယ်။ ဝန်ထမ်းတွေက တင်းကျပ်ခံထားရတယ်" ဟုပြောသည်။

ဌာနဆိုင်ရာ ဝန်ထမ်းများမှာပြည်မဖက်သို့ရုံးကိစ္စဖြင့်သာ ထွက်သွားလာခွင့်ပေးပြီး ပြည်နယ်မှူးလက်မှတ်၊ ဌာနမှအထက်အရာရှိအကြီးဆုံးလက်မှတ်၊ ခရီးသွားလာခွင့်အမိန့် (MO) များဖြင့်သွားလာခွင့်ပေးထားကြောင်း သိရသည်။

လက်ရှိတွင် စစ်မဖြစ်သေးသော်လည်းစစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် အောက်ခြေဝန်ထမ်းများ၏ဘဝမှာ ကျီးလန့်စာစားနေရသကဲ့သို့ စိတ်မလုံခြုံမှုများရှိနေပြီး မြို့ထဲတွင်ပိတ်မိနေကြကြောင်းသိရသည်။

July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...