ဖယ်ခုံအနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်း ကို ပေါင် ၅၀၀ အပါအဝင် ပေါင် ၂၀၀ ဗုံးတွေနဲ့ လေကြောင်းဗုံးကြဲ

ဖယ်ခုံအနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်း ကို ပေါင် ၅၀၀ အပါအဝင် ပေါင် ၂၀၀ ဗုံးတွေနဲ့ လေကြောင်းဗုံးကြဲ
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့၊ နေ့လည်ပိုင်းအချိန်မှာ စစ်ကောင်စီက တိုက်လေယာဉ် ၂စင်းအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၄ကြိမ် အထိ ပြုလုပ်ခဲ့တာကြောင့် စစ်‌ဘေးရှောင်နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘန်ကောက်မှာ စစ်ဘေးရှောင်တွေပဲရှိတယ်။ အစကတော့တစ်စင်းပဲ လာချသွားတယ်။ နောက်မှ တစ်စင်းထပ်လာပြီး နှစ်စင်းပြိုင်တူဝဲတာ ထပ်ချသွားတယ်။ စုစုပေါင်း ၄ လုံးလာကြဲသွားတယ်ကြားတယ်။ ဘုရားကျောင်းနဲ့အိမ်တချို့ပျက်စီးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်လေယာဉ်နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးနဲ့ တစ်ကြိမ် ၊ ပေါင် ၂၀၀ ဗုံးနဲ့ တစ်ခါကြဲနှစ်ကြိမ်၊ စုစုပေါင်း ဗုံး ၅လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၇ ကလည်း ထုတ်ပြန်ထားပါတယ်။

“ အထိခိုက်တော့ရှိတယ် အသေးစိတ်တော့မသိရသေးဘူး” လို့ ၁၀၀၇ တပ်တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘန်ကောက်စစ်ဘေးရှောင်စခန်းက တဲ၊ ဘာသာရေးဘုရားကျောင်း၊ စပါးကျီ ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ လူထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့တုန်းကလည်း အဲ့ဒီ ဘန်ကောက်စစ်ရှောင်စခန်း ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ၁၅နှစ်အောက် ကလေး ၈ဦး၊ အသက်၄၀ ဝန်းကျင် လူကြီး ၂ ဦးသေဆုံးခဲ့ပြီး ၂၀ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

“အရင်တစ်ခေါက်ကြဲတဲ့နေရာဟောင်းကိုတော့ ဘယ်သူမှပေးမနေတော့ပဲ ခြံခတ်ထားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ‌‌တောင်ကြီးခရီးစဥ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေကို ပြန်လည်ရယူမယ်လို့ ပြောဆိုခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့အပြားက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စိုးမိုးနယ်မြေတွေမှာလည်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခဲ့တာပါ။

နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်အတွင်းက လအိ၊ လတိန်၊ ကာလ၊ ကျေးရွာတွေအပြင် ဘန်ကောက်စစ်ရှောင်စခန်း နဲ့ မိုးဗြဲမြို့၊ ဖားဆောင်းမြို့ တို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် လူထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

March 2, 2026
ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA)...
February 28, 2026
စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး...
ကန္တာရဝတီတိုင်း ( မ် )
February 27, 2026
ကရင်နီသူနာပြုများ အစည်းအရုံး (Karenni Nurses Association - KNA) ဥက္ကဋ္ဌအဖြစ်...
February 26, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း ( သံလွင် )...