ဖားအံတွင် ဈေးမြင့် သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်ရောင်းထွက်

ဖားအံတွင် ဈေးမြင့် သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်ရောင်းထွက်

ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက် အရောင်းအဝယ်ဖြစ်နေသည်ဟု ဖားအံမြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အသိုင်းအဝိုင်းက ပြောသည်။

ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ဖားအံမြို့လူစည်းကားရာ နေရာတစ်ခုဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးဘေး၊ လမ်းဂွ အနီး အချက်အချာကျသည့်နေရာရှိ ပေ ၃၀၊ ပေ ၂၀၀ အာစီ နှစ်ထပ်တိုက်နှင့် တွဲလျက်ဂိုဒေါင်ပါ အိမ်နှင့် ခြံကွက် ကို ၇,၉၅၀ သိန်းဖြင့် အရောင်းအဝယ်ဖြစ်သွားခဲ့သည်။

အဆိုပါ အိမ်နှင့် ခြံကို ဖားအံမြို့ ဈေးနှုန်းမြင့် မြေကွက်များအရောင်းအဝယ်အတွက် အကျိုးဆောင်ပေးနေသည့် အော်စကာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (Oscar Real Estate) နှင့် ကရင်ပြည်နယ် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်း ဒုဥက္ကဋ္ဌ၊ ဦးပြည့်ဖြိုးဟန်၏ ပြည့်ဖြိုးအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းတို့ ပူးတွဲအကျိုးဆောင်အရောင်း အဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖားအံအကျိုးဆောင်အသိုင်းအဝိုင်းက ပြောသည်။

“အခုလဆန်းပိုင်းမှာပဲ ဗိုလ်ချုပ်လမ်းမကြီး၊ လမ်းဂွနားက အိမ်နဲ့ခြံကို သိန်း ၇၉၅၀ နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်။ ဒါက ဒီလပိုင်းမှာ အမြင့်ဆုံးဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တာပါ” ဟု အော်စကာ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ကိုအော်စကာက နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်းက ဖားအံမြို့ လူစည်ကားရာ မဲဘောင်ဈေးအနီး၊ မဲဘောင်လမ်းမကြီးဘေးရှိ အလျား ၃၂ ပေ၊ အနံ ၁၂၀ ပေရှိ တစ်ထပ်တိုက်အိမ်ပါ ခြံနှင့်တိုက်ကို ကျပ် ၆,၇၀၀ သိန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သေးသည်။

ထိုမြေကွက် ရောင်းချရန် ယခင်နှစ်များက ဈေးကွက်အရောင်း ဖွင့်ချိန်တွင် ကျပ်သိန်း ၄,၀၀၀ သာဈေးရှိသည်။ သို့သော် ယခုနှစ်အတွင်း ဖားအံ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ယခုလို ကျပ်သိန်း ၆,၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။

ထို့အပြင် ယခုနိုဝင်ဘာ ပထမအပတ်အတွင်းက ဖားအံ-ရန်ကုန် ကားလမ်းဘေး၊ တိုင်းရင်းဆေးရုံအကျော်ရှိ အာစီ နှစ်ထပ်တိုက်ပါ မြေအကျယ် မျက်နှာစာ ၅၀ ပေ၊ အရှည် ၇၀ ပေရှိ အိမ်နှင့်ခြံကို ကျပ်သိန်း ၆,၅၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်ဟု အော်စကာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းထံမှ သိရသည်။

ယခုလို ဈေးနှုန်းမြင့် မြေကွက်များအရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် မြန်မာကျပ်ငွေ ဈေးထိုးကျနေချိန် စက်တင်ဘာလအတွင်းက ဖားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်၊ လမ်းဂွရှိပေ ၄၀၊ ၂၀၀ ပေ အ ကျယ်ရှိ အိမ်နှင့် ခြံကို ကျပ်သိန်း တစ်သောင်း (၁၀,၀၀၀ သိန်း) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ကြောင်း အကျိုးဆောင်များက တညီတညွတ်တည်း ပြောသည်။

“လမ်းမတန်းတော့ လူကြိုက်များတဲ့။ ပုံမှန်ပဲ အရောင်းအဝယ်ကမကျတဲ့အပြင် တိုးတောင်တိုးတယ်။ ဒါပေမဲ့ ရေကြီးတယ်လေ၊ ရေကြီးတဲ့ဘက်တွေက အရောင်းအဝယ်ကျတယ်” ဟု ဖားအံ ဈေးကွက် အခြေအနေနှင့် ပတ်သက်၍ အိမ်ခြံမြေ အကျိုးဆောင် ကိုအော်စကာက ပြောသည်။

ယခုလို ဈေးမြင့် မြေကွက်များအပြင် လှာကမြင် ကွက်သစ်၊ အောင်မေတ္တာသုခလမ်း အိမ်ရာတို့တွင်လည်း ကျပ်သိန်း ၁,၀၀၀ အောက် မြေကွက်များနှင့် သိန်းတစ်ထောင်အထက် မြေကွက်များလည်း အရောင်းအဝယ် ပုံမှန်ဖြစ်နေသည်ဟု အကျိုးဆောင်အသိုင်းအဝိုင်းထံမှ သိရသည်။

ယခုနှစ်အတွင်း ဖားအံမြို့တွင် အိမ်၊ ခြံ၊ မြေဈေးကွက်များ အရောင်းအဝယ်ကောင်းနေခြင်းသည် ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် တချို့မြို့နယ်များတွင် လူနေထိုင်ရန်လုံခြုံရေး စိန်ခေါ်ချက်ရှိ၍ အေးချမ်းနေသေးသည့်  မြို့ပေါ်သို့ ပြောင်းရွှေ့အခြေချသူများလာသည့်အချက်လည်းပါဝင်သည်ဟု အကျိုးဆောင်များက သုံးသပ်ပြောသည်။

ထို့အပြင် ယခင် ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖားအံမြို့ ဧရိယာကို တိုးချဲ့နိုင်ရေး လုပ်ဆောင်ခဲ့သည်။ ထို့နောက် ယခုလက်ရှိ ဖားအံမြို့နှင့် ကပ်လျက်ရှိသည့် ကျေးရွာများတွင် စစ်ကောင်စီက အိမ်နံပါတ်ပြားများ ထုတ်ပေးပြီး ကပ်ပေးထားကာ မြို့မြေအဖြစ် တိုးချဲ့မည့် ပြယုဒ်ဖြစ်နေသည့်အတွက် အလားအလာရှိ မြေကွက်များကို စုဆောင်းဝယ်ယူထားသူများလည်းရှိနေသည့်အတွက်ကြောင့်ဖြစ်သည်ဟု အကျိုးဆောင်များက ပြောဆိုသည်။

ယခုလို ဖားအံမြို့ပေါ်နှင့် အနီးတဝိုက် မြို့မြေအဖြစ်သတ်မှတ်ခံရနိုင်သည့် ကျေးရွာများတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ပတ်သက်၍ ပြည့်ဖြိုးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ယခုလိုထုတ်ပြောသည်။

“ဈေးချိုချိုနဲ့ ဝယ်ယူရရှိမယ်။ အလားလာကောင်းလာပြီး၊ မြို့မြေအဖြစ် သတ်မှတ်လာပြီး၊ စီမံကိန်း အကြီးကြီး တစ်ခုရှိလာပြီးဆိုရင် သူ့ရဲ့မြေတန်ဖိုးက ခန့်မှန်းမနိုင်တော့ဘူး”ဟု ပြည်နယ်အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ၊ ဦးပြည့်ဖြိုးဟန်က သုံးသပ်ပြောဆိုသည်။

ဖားအံတွင် ဈေးနှုန်း အမျိုးမျိုးရှိ မြေကွက်များ ၂၀၂၄ ခုနှစ်၊ ဧပြီလခန့်မှစ၍ အောက်တိုဘာလကုန်ထိ ၆ လ ဆက်တိုက်အရောင်းအဝယ်ကောင်းနေသလို အိမ်အငှားဈေးကွက်တွင်လည်း ငှားလိုသူများကာ အိမ်၊ ဆိုင်ခန်းအငှား ဈေးနှုန်းများ မြင့်တက်နေသည်ဟု ဖားအံ အိမ်ခြံမြေ အငှားဈေးကွက်အတွင်းမှ သိရသည်။ 

Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...
January 26, 2026
မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက...
Photo: KNA
January 24, 2026
ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို...
January 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင်...