စရဖတို့စခန်းကမဆုတ်ခွာမီ အချုပ်ခန်းထဲမှအမ်းမြို့က နာမည်ကြီး “အမှန်အကန်” ထမင်းဆိုင်ပိုင်ရှင် သားဖနှစ်ဦးအပါအဝင် အချုပ်သားများကို သတ်ဖြတ်သွားဟုဆို

စရဖတို့စခန်းကမဆုတ်ခွာမီ အချုပ်ခန်းထဲမှအမ်းမြို့က နာမည်ကြီး “အမှန်အကန်” ထမင်းဆိုင်ပိုင်ရှင် သားဖနှစ်ဦးအပါအဝင် အချုပ်သားများကို သတ်ဖြတ်သွားဟုဆို

အမ်းမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တပ်သည် စခန်းမှဆုတ်ခွာချိန်တွင် အချုပ်ထဲမှအချုပ်သားများကိုသတ်ဖြတ်ပစ်ခဲ့ပြီး ထိုအထဲတွင် အမ်းမြို့မှ နာမည်ကြီး “အမှန်အကန်” ထမင်းဆိုင်ပိုင်ရှင် ဦးကျော်ဝင်းတို့ သားဖနှစ်ဦးလည်း ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ဒေသခံတစ်ဦးက "စရဖ အချုပ်က တစ်ခန်းမှာ အချုပ်သားလေးဦးစီထားတဲ့အတွက် ကိုယ့်အခန်းကလူကို ကိုယ်သိတယ်။ ကျန်အခန်းကလူတွေကို မသိဘူး။ ဒါပေမဲ့ဦးကျော်ဝင်းသားအဖကိုတော့ သူတို့သိကြတယ်။ ကျန်လူတွေကိုလည်း ပစ်သတ်ခဲ့တာရှိတယ်။ ဒါပေမဲ့ ဘယ်သူတွေကို ပစ်သတ်ခဲ့တယ်ဆိုတာတော့ နာမည်နဲ့လူနဲ့ တွဲမသိဘူး"ဟုထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကို ကိုးကားပြီး ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ဆက်သွယ် ပြောကြားသည်။

စရဖတို့ ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အချုပ်ခန်းထဲရှိ အမ်းမြို့နယ်၊ အောက်ရွာမှလူသိများသည့် “အမှန်အကန်” ထမင်းဆိုင်ပိုင်ရှင်ဦးကျော်ဝင်းတို့သားဖနှစ်ဦးကို ပစ်သတ်ပစ်ခဲ့တာကို မြင်တွေခဲ့ရသည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်ပြောဆိုသည်ဟု သိရသည်။  

ယခုထွက်ပြေးလွတ်မြောက်လာသည့်လူငယ်မှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ အမ်းမြို့သို့ဆိုင်ကယ်ဖြင့်သွားစဥ် AA သံသယဖြင့် ဖမ်းဆီးကာ စရဖအချုပ်ထဲ ချုပ်နှောင်ခံထားရသူဖြစ်ပြီး စရဖအချုပ်ဆုတ်ခွာချိန်တွင် ထိုလူငယ်အပါအဝင် အချုပ်သား ၁၀ ကျော်သည် အချုပ်ခန်းအားဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စရဖအချုပ်ထဲ လူဦးရေဘယ်လောက်ရှိတယ်ဆို မသိခဲ့ရပေမယ့်အမှန်အကန် ထမင်းဆိုင်ပိုင်ရှင်  ဦးကျော်ဝင်းတို့သားဖနှစ်ဦးကိုတော့ လူတိုင်းသိကြတယ်။ သူတို့ သားအဖနဲ့ အတူ နောက်ထပ်အသတ်ခံခဲ့ရသူတွေ ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးမှ စရဖတပ်စခန်းများကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်ဆုတ်စဉ် ထိုသို့ အချုပ်သားများကို သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ အမ်းမြို့ပေါ်ရှိ ရဲစခန်းအချုပ်ထဲတွင် အချုပ်သား ၃၀ ဦးခန့် ပိတ်မိနေသေးသည်ဟုလည်း သူတို့နှင့် နီးစပ်သည့်သတင်းရင်းမြစ်များက နိရဥ္စရာကို ပြောသည်။

အမ်းမြို့ပေါ်ရှိ နပခကို AA က အပြင်းအထန် ထိုးစစ်မဆင်မီအထိ ရဲစခန်းအချုပ်ထဲတွင် AA နှင့်ဆက်စပ်သံသယပုဒ်မများအပါအဝင် ပုဒ်မမျိုးစုံဖြင့်စွပ်စွဲခံထားရသူ အချုပ်သား ၄၀ ဦးရှိခဲ့သည်ဟု သိရသည်။

ယင်းအနက် ထွေအုပ်ဒုဦးစီးတစ်ဦးအပါအဝင်၁၁ ဦးကို အပြစ်မရှိဟုဆိုကာ နိုဝင်ဘာလ ပထမပတ်အတွင်း ပြန်လွှတ်ပေးခဲ့သည်ဟု နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

"သူတို့ ၁၁ ယောက်လုံးကို အပြစ်မရှိဆိုပြီး လွှတ်ပေးတယ်။ အဲဒီထဲမှာ ထွေအုပ်ဒုဦးစီးတစ်ယောက်လည်းပါတယ်။ လွတ်လာတဲ့တစ်ယောက်က ပြောပြတာ။ လွတ်ခါနီး စခန်းမှုးနဲ့ ဂတ်စာရေးတို့က ပိုက်ဆံနည်းနည်းတောင်းလို့ မပေးချင်ဘဲ ပေးခဲ့ရသေးတယ်လို့ ပြောတယ်"ဟု ပြောသည်။

ရဲစခန်းအချုပ်ထဲပိတ်မိနေသူ ၃၀ ဦးခန့်ထဲတွင် အမ်းအထကကျောင်းမှ ဖမ်းဆီးခံထားရသူ အထပြ (အထက်တန်းပြ)ကျောင်းဆရာ ဦးတင်မိုးဆောင်းနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီထွေးတို့ပါဝင်သည်ဟု သိရသည်။

သူတို့ကို AA နှင့်ဆက်စပ်သံသယပုဒ်မများဖြင့် တရားစွဲချုပ်နှောင်ထားခြင်းဖြစ်သည်။

နောက်ထပ် ပိတ်မိနေသူများမှာ မည်သူမည်ဝါတို့ဖြစ်သည်ဆိုသည်ကို အသေးစိတ်မသိရသေးပါ။

အဆိုပါပိတ်မိနေသည့်အချုပ်သားများ၏ အသက်အန္တရာယ်ကိုလည်း စိုးရိမ်မိသည်ဟု အမ်းဒေသခံများက ပြောသည်။

“ အမှန်အကန်ထမင်းဆိုင်” ပိုင်ရှင် ဦးကျော်ဝင်းတို့သားအဖ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်အား ရယူနိုင်ခြင်း မရှိသေးပါ။

Most read this week

စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...