အမ်းမြို့တွင် စစ်ကောင်စီကဗုံးကြဲရာ ရဲသတင်းတပ်ဖွဲ့ဝင်၏ဇနီး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရ

အမ်းမြို့တွင် စစ်ကောင်စီကဗုံးကြဲရာ ရဲသတင်းတပ်ဖွဲ့ဝင်၏ဇနီး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ရဲသတင်းတပ်ဖွဲ့ဝင်၏ဇနီး သေဆုံးသွားပြီး အသက် ၈၀ အရွယ် အဘွားအိုအပါအဝင် အရပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေတွင် ဗုံးကြဲခံရခြင်းဖြစ်ပြီး ဒဏ်ရာရအရပ်သားများကို ဆေးရုံသို့ပို့ဆောင်ထားရပြီး ရဲသတင်းတပ်ဖွဲ့မှ ဦးဇော်ဇော်ထွန်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမမှာ ဦးခေါင်းလက်နက်ကြီး ကျည်စထိမှန်၍ ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း အမ်းမြို့ဒေသခံတဦးက ပြောသည်။

“အမှတ်( ၃ )ရပ်ကွက်က အခုချိန် လူနေအထူထပ်ဆုံးနေရာ ဖြစ်တယ်။ တိုက်ပွဲဖြစ်တာမရှိဘူး။ ဗုံးကြဲလိုက်တဲ့နေရာအနီးအနား လူနေအိမ်အစပ်တွေကို မေးကြည့်လိုက်တာတွေ ဂျက်ဖိုက်တာတွေကြဲပြီးတာနဲ့ အပေါ်ထောင်တက်သွားတယ်တဲ့။ ထိတဲ့အထဲ အဘွားအိုရယ်၊ ကလေးတယောက်လည်းပါတယ်။ အဲ့ဒီနေရာကြဲပြီး ရဲတို့ တပ်တို့ တယောက်မှရောက်လာတာမရှိဘူး”ဟု ၎င်းက မဇ္စျိမကို ပြောသည်။

တိုက်ပွဲဧရိယာမဟုတ်သည့် လူနေထူထပ်သည့် အမ်းမြို့သစ် အမှတ်(၃)ရပ်ကွက်ရှိ ရဲတပ်ဖွဲ့ မှူးရုံးအရှေ့ဘက်၊ ရုံးအနောက်ဘက်ခြမ်း ကိုဇာနည်ကားပစ္စည်းအရောင်းဆိုင်နှင့် ကိုအောင်ဆန်းတည်းခိုခန်းရှေ့ ၊ ဇော်ကို ကားဝပ်ရှော့ဆိုင်ရှေ့ကို နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာမှ ဗုံးလေးလုံး ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေအရ နပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) အနီးတဝိုက်အပါအဝင် အမ်းမြို့ ခမရ(၃၇၁)၊ တပ်ထိန်းနှင့် အမ်း-ပဒါန်းကားလမ်းရှိ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် တိုက်ပွဲပြင်းထန်နေပြီး နိုဝင်ဘာလ ၁၁ရက် ညပိုင်းက အာရက္ခတပ်တော်(AA)၏ အနီးကပ်ပစ်ခတ်မှုကြောင့် အဆိုပါဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်ဟန်လင်းထွန်းနှင့် စစ်ကောင်စီတပ်သား တဦး သေဆုံးသွားကြောင့် သတင်းရင်းမြစ်ထံက သိရသည်။

တိုက်ပွဲပြင်းထန်နေခြင်းကြောင့် လတ်တလော မြို့တွင်းပိတ်မိနေသည့်အရပ်သားများမှ စစ်ဘေးရှောင်ရန်အတွက်  နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တာဝန်ရှိသူတချို့ကို တင်ပြတောင်းဆိုသော်လည်း စစ်ဘေးတိမ်းရှောင်ရန်မလိုအပ်ကြောင်းနှင့် လိုအပ်သည့်လုံခြုံရေးနှင့် ရိက္ခာပစ္စည်းအထောက်အပံ့များကို ပေးမည်ဟု ပြောလွှတ်ထားကြောင်း အမ်းမြို့ခံများထံက သိရသည်။

ယင်းကဲ့သို့ ပြောဆိုသော်လည်း လက်ရှိတွင် ဆန်တပြည် ၁၅,၀၀၀ ကျပ်၊ ဓါတ်ဆီတလီတာ ၄၀,၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်သွားခြင်းကြောင့်အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း အမ်းဒေသခံများက ဆိုသည်။

အမ်းမြို့ရှိ တပ်ရင်းတပ်ဖွဲ့ ၁၀ ခုကျော်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

(နိုဝင်ဘာလ ၁၃ ရက် သည် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ ၁၀၂၇ စစ်ဆင်ရေး ရခိုင်ပြည်နယ်တွင် တနှစ်ပြည့်သည့်နေ့ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ကုန်းလမ်း၊ ရေလမ်း အဖက်ဖက်ကို ပိတ်ဆို့ထားဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...