မော်လမြိုင်က ဆီဆိုင်မီးလောင်မှု ဒဏ်ရာရသူ ၂၀ ကျော်အနက် သေဆုံးသူရှိ

မော်လမြိုင်က ဆီဆိုင်မီးလောင်မှု ဒဏ်ရာရသူ ၂၀ ကျော်အနက် သေဆုံးသူရှိ
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ် (ဓါတ်ပုံ- ဘိုဘိုဝင်း)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (နိုဝင်ဘာလ ၈ ရက်) နံနက်ပိုင်းတွင် တဦးသေဆုံးသွားကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

မီးလောင်ပေါက်ကွဲမှုတွင် ပြင်းထန်ဒဏ်ရာရရှိသွားသော ဆီဘောက်ဆာယာဉ်မောင်းသည် မီးလောင်ဒဏ်ရာများဖြင့် ယနေ့ နံနက် ၅ နာရီခန့်က မော်လမြိုင်ဆေးရုံကြီး၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သည့် ဘိုဘိုဝင်းအဖွဲ့မှ နှစ်ဦးနှင့် ရွှေနတ်တောင်အဖွဲ့မှ တဦးတို့ကို အတွင်းလူနာအဖြစ် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသနေရကြောင်း ကူညီကယ်ဆယ်ရေးသမားများက ပြောသည်။

“ကျွန်တော်တို့အဖွဲ့က လေးယောက်က မျက်နှာတွေ၊ ပေါင်တွေ တခြားနေရာတွေမှာ ထိခိုက်ဒဏ်ရာတွေရတယ်။ တယောက်ကတော့ ခွဲခန်းဝင်ရတယ်၊ အတွင်းလူနာအနေနဲ့ ကုသခံနေရတယ်။ အဲ့ဒီတယောက်ကတော့ နည်းနည်း အခြေအနေဆိုးတဲ့ အတိုင်းအတာရှိတယ်”ဟု ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတဦးက ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်- မုဒုံလမ်းပေါ်၊ ရိုးဂိုးရွာထိပ်ရှိ မင်းသန့်စက်သုံးဆီဆိုင် ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) ညနေ ၅ နာရီဝန်းကျင်အချိန်က ဆီလှောင်ကန်အတွင်း ဆီထည့်စဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးငြိမ်းသတ်နေစဉ်မှာပင် ထပ်မံပေါက်ကွဲမှုဖြစ်၍ မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ ကူညီကယ်ဆယ်ရေးသမား ၁၂ ဦးနှင့် ဆိုင်ရှင်အမျိုးသားတဦး၊ ဆီဘောက်ဆာယာဉ်မောင်းတဦးတို့ ထိခိုက်ဒဏ်ရာ သွားခဲ့သည်။

“မီးက ငြိမ်းနေပြီ။ ငြိမ်းပြီးတော့မှ လေထွက်သလို ရှူးဆိုတဲ့ အသံထွက်လာပြီးတော့မှ ထပ်ပေါက်ကွဲတာ။ အဲ့ဒီလိုဖြစ်တော့ အနီးအနားမှာ မီးသတ်ဆောင်ရွက်နေတဲ့ မီးသတ်တို့်၊ ကျွန်တော်တို့အဖွဲ့တွေ အားလုံး ထိခိုက်ဒဏ်ရာရခဲ့တာပေါ့။ အားလုံး ၂၂ ယောက်” ဟု ကိုယ်တိုင် မီးငြိမ်းသတ်ခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ည ၉ နာရီ ၅၅ မိနစ်တွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...