ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိဟု စစ်ခေါင်းဆောင်က တရုတ်ကို ပြော

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိဟု စစ်ခေါင်းဆောင်က တရုတ်ကို ပြော

အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းကို ယမန်နေ့ (နိုဝင်ဘာလ ၆ ရက်) တွေ့ဆုံစဉ်တွင် ပြောသည်။

သို့သော် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် ဆွေးနွေးမည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။ မည်ကဲ့သို့ လုပ်ဆောင်ချက်မျိုးဖြစ်ကြောင်း ပြောဆိုခြင်းမရှိပေ။

တရုတ်နိုင်ငံတွင် အစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာလ ၅ ရက်နေ့ကတည်းကရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းတို့ နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရာ၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်ရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်နိုင်ငံသားများနှင့် စီမံကိန်းများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထားဆောင်ရွက်ပေးနေကြောင်း၊ မူဆယ်- မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းကို နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းကလည်း စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ထောက်ခံပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဆန္ဒပြု ကူညီမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်း အသိအမှတ်ပြုကြောင်း၊ တရုတ်နိုင်ငံတွင်း အခြေပြုပြီး မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် လီချန်းက ပြောဆိုခဲ့ကြောင်း သိရသည်။

တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို နှစ်နိုင်ငံ အပြည့်အဝ စီမံခန့်ခွဲနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးချုပ် လီချန်းက ဆိုသည်။ လက်ရှိတွင်လည်း တရုတ်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ၊ TNLA တို့ သိမ်းပိုက်ထားသည့် တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း ပိတ်ပင်ထားသည်။

ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တွင် နယ်မြေများလက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီက ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာခဲ့ပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...