ပုလဲမြို့၊ အိုင်းမရွာလေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၄ ဦးသေဆုံး ၆ ဦးဒဏ်ရာရ

ပုလဲမြို့၊ အိုင်းမရွာလေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၄ ဦးသေဆုံး ၆ ဦးဒဏ်ရာရ
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံလေးဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အိုင်းမကျေးရွာကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခြင်းဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက် က ပြောသည်။

“ကထိန်ကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို ပစ်တဲ့ သဘောဗျ။ ဒါပေမယ့်ပစ်မှတ်က လွဲသွားပြီး ဘုန်းကြီးကျောင်းအရှေ့ဖက်က အိမ်တွေပေါ် ကျတာ။ ဘုန်းကြီးကျောင်းကိုသာဒဲ့ထိရင် မနည်းဘူးသေမှာ။ အထဲထဲမှာ ပြည်သူတွေက ကထိန်ခင်းနေတာဆိုတော့အများကြီးပဲ “ ဟု ဦးဇော်ထက်က ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ နှစ် အရွယ်အဖွားအို နှစ်ဦး၊ အသက်၂၅ နှစ်အရွယ်အမျိုးသမီးတဦး၊အသက် ၄၀ အရွယ်အမျိုးသားတဦး သေဆုံးခဲ့သည်။ ဒေသခံခြောက်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ခြောက်လုံးပျက်စီးခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လူစုလူဝေးနေရာများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လေ့ရှိကြောင်း‌ ဒေသခံများအား သတိပေးထားသော်လည်း သာရေးနာရေးနှင့် ဘာသာရေးဆိုင်ရာပွဲများကို တားမြစ်ပိတ်ပင်ရန် မလွယ်ကူသည့်အခြေအနေမျိုးဖြစ်နေကြောင်း ဦးဇော်ထက်က ပြောသည်။

အိုင်းမကျေးရွာသည် ပုံတောင်ပုံညာတောင်ခြေတွင် ရှိပြီး မြေပြန့်တဝက်၊ တောင်ပေါ် တဝက် ပုံစံရှိသည့် ကျေးရွာဖြစ်သည်။  ထိုနေရာများတွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့၍ အခြားဒေသမှ စစ်ဘေးရှောင်များလည်း လာရောက်ခိုလှုံနေကြပြီး  စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မည်ကို မမှန်းဆမိခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီသည် ပုလဲမြို့နယ်နှင့် ဆက်စပ်နေသော ယောဒေသကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသလို ဗုံးကြဲလေယာဉ်ဖြင့် နေ့စဉ်လေကြောင်းကင်းထောက်နေကြောင်း ဒေသအခြေစိုက်ကာကွယ်ရေးရဲဘော်များက ပြောသည်။ စစ်ကောင်စီသည် ယမန်နေ့(နိုဝင်ဘာလ ၅ ) ရက်နေ့က စစ်ကိုင်းတိုင်းအတွင်း မော်လူးမြို့ပေါ်ကိုလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

June 8, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး...
June 6, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းထားသော တရုတ်ကုမ္ပဏီတခုက...
June 5, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ...
June 4, 2026
ပါခွီး — ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ လစဥ် ပျှမ်းမျှ ၁၆...