စစ်တွေမှ ထောင်ပြောင်းရွှေ့ခံရသူများထဲတွင် အမျိုးသမီး ၃၀ ဦးထက်မနည်းပါဝင်

စစ်တွေမှ ထောင်ပြောင်းရွှေ့ခံရသူများထဲတွင် အမျိုးသမီး ၃၀ ဦးထက်မနည်းပါဝင်

စစ်တွေအကျဉ်း‌ထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသူများထဲတွင် နိုင်ငံရေးပုဒ်မများနှင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၃၀ ဦးထက်မနည်းပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများ၊ မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ အမျိုးသမီးများမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)တို့ဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူများဖြစ်ပြီး အချို့မှာလည်း တရားရင်ဆိုင်နေကြရဆဲသူများ ပါဝင်သည်။

“သိရသလောက်တော့ ၅၀၅ ပုဒ်မနဲ့ တရားရင်ဆိုင်နေရသူတွေလည်း ပါတယ်။ သူတို့က အမိန့်မချသေးဘူး။ အမှုတန်းလန်းနဲ့ ထောင်ပြောင်းခံလိုက်ရတာ။ တခြား ဘယ်ပုဒ်မတွေနဲ့ ပါဝင်တယ်ဆိုတာကိုတော့ အတိအကျ မသိရဘူး” ဟု ထောင်ပြောင်းရွှေ့ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ဒုတိယအပတ်မှစ၍ စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၀၀ ခန့်ကို ပုသိမ်အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်သို့ စစ်ကောင်စီက ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အကျဉ်းသားများကို ဒေသနှင့် ဝေးရာသို့ ပြောင်းရွှေ့လိုက်ဖြင့် မိသားစုဝင်များမှာ ထောင်ဝင်စာသွားတွေ့ရန် အခက်အခဲများရှိနေကြပြီး ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍လည်း စိုးရိမ်နေကြရသည်။

“ပြောင်းမယ့်နေ့ကိုလည်း ဘာမှမသိရဘူး။ နေရာသစ်တစ်ခုမှာဆိုတော့ ကျန်းမာရေး၊ စားရေးသောက်ရေး၊ အဝတ်အထည်ကအစ အခက်အခဲတွေရှိနိုင်တယ်။ ဒီလိုအနေအထားမှာ မိသားစုဝင်တွေ သွားတွေ့ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး” ဟု ထောင်ပြောင်းရွှေ့ခံသည့် ဗျိုင်းဖြူရွာသား မိသားစုဝင်တစ်ဦးက ပြောသည်။  

ထောင်ဝင်စာ သွားတွေ့ခွင့်ရရှိသည့် မိသားစုများမှာလည်း ငွေကြေး၊ သွားလာရေး အခက်အခဲများကြောင့် ထောင်ဝင်စာပုံမှန်တွေ့ရန် အခက်အခဲများရှိနေကြသည်။

“တစ်လမှာတစ်ကြိမ် ထောင်ဝင်စာတွေ့ခွင့် ရှိတယ်လို့သိရတယ်။ လတိုင်းလည်း သွားတွေ့နိုင်မှာမဟုတ်ပါဘူး” ဟု ၅၀၅(က) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက အရပ်သားများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထောင်ချခဲ့ပြီး ယင်းအထဲတွင် အမျိုးသမီးအများအပြားလည်း ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းအရ အာဏာသိမ်းရန်ကြိုးပမ်းသည့် ကာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အမျိုးသမီးစုစုပေါင်း ၅,၆၉၀ ဦး ဖမ်းဆီးခံရပြီး ၄,၀၇၂ ဦးအား ဆက်လက်ဖမ်းဆီးထား‌ဆဲဖြစ်ကြောင်း သိရသည်။

ပုံစာ - ၂၀၂၁ ခုနှစ်အတွင်းက စစ်တွေအကျဉ်းထောင်ရှေ့မျက်နှာစာကို တွေ့ရစဉ်။

AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...