သတင်းထောက် နှစ်ဦးအား ဖမ်းဆီးထားကြောင်း KIA အတည်ပြု

သတင်းထောက် နှစ်ဦးအား ဖမ်းဆီးထားကြောင်း KIA အတည်ပြု

ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA  ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။

ဖားကန့်အခြေစိုက် သတင်းထောက် ၂ ဦးဖြစ်သည့် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးနှင့် Red News Agency သတင်းဌာနကို သတင်းပေးပို့နေသည့် အလွတ်တန်း သတင်းထောက် ကိုတာလေးမောင်တို့ကို ဖမ်းဆီး ထားသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြု ပြောသည်။

“ဖမ်းတာကတော့ အတည်ပြုပေးလို့ ရပါတယ်။ စစ်ရေးကနေ ဖမ်းတာ ဖြစ်ပါတယ်။ စစ်ရေးအမြင်ကတော့ ဘယ်လိုရှိသလဲဆိုတာ ကျနော်တို့လည်း မကြားသိရပါဘူး။ ဖမ်းသွားတာကတော့ ရှေ့တန်းသမားတွေ ဖမ်းတယ် လို့ ကြားရပါတယ်။ ဘာကြောင့်ဖမ်းတယ်။ ဘယ်လို အမှုနဲ့ ဖမ်းတယ်ဆိုတာကတော့ အသေးစိတ်ကတော့ မသိရသေးဘူး။”သတင်းထောက် ၂ ဦးကို KIA တပ်မဟာ ၉ တပ်ရင်း ၆ က ဖမ်းဆီးထားခြင်း ဖြစ်ပြီး မည်သည့် အကြောင်းအရင်း ကြောင့် ဖမ်းထားသည်ကိုမူ အတိအကျ မသိဘူးဟု ပြောသည်။

လက်ရှိ ဖမ်းဆီးထားသည့် သတင်းထောက် ၂ ဦးကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆက်ပြောသည်။

“မေးစရာရှိလို့ ဖမ်းတယ်ဆိုတော့ စစ်ကြောရေးတွေ လုပ်နေတယ်ထင်တယ်။ တခြားသိပ်ပြီးတော့မှ ထူးထူး ခြားခြားတော့ မကြားပါဘူး။ ထိန်းသိမ်းထားတဲ့ဟာကတော့ ကောင်းကောင်းမွန်မွန်ပေါ့နော်။ ကျွေးမွေးပြီးမှ လိုအပ်တာတွေကို မေးစရာရှိတာတွေကို မေးနေတာထင်တယ်။ အဲ့လောက်ပဲ ကျနော် ကြားရပါတယ်။”

ကိုနောင်ရိုးနှင့် ကိုတာလေးမောင်တို့ကို KIA က စက်တင်ဘာလ လကုန်ပိုင်းတွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

သတင်းထောက် ကိုနောင်ရိုးသည် စစ်အာဏာသိမ်းစက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီးတွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

သတင်းထောက် ကိုတာလေးမောင်ကလည်း အာဏာမသိမ်းခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ကြီး ဌာနတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အာဏာသိမ်းလိုက်သည့် အချိန်တွင် အဆိုပါ ဝန်ကြီးဌာနမှ CDM လုပ်ပြီး သတင်းထောက် အလုပ်ကို ဆက် လုပ်ကိုင်နေသူ ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...