မော်လမြိုင်မှာ ရဲနဲ့ဒုစရိုက်သမားတွေပေါင်းပြီး ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်နေ

မော်လမြိုင်မှာ ရဲနဲ့ဒုစရိုက်သမားတွေပေါင်းပြီး ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်နေ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်ပြီးနောက် ပြန်လည်လွတ် မြောက်လာတဲ့ဒုစရိုက်သမားတွေနဲ့ပေါင်းပြီး ပြည်သူတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ငွေညှစ်တာတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ခိုးမှု၊ လိမ်လည်မှုအပါအဝင် တခြားအမှုတွေနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ဒုစရိုက်သမားတွေကို အသုံးချပြီး အပေါင်ဆိုင်၊ ဖုန်းအရောင်းဆိုင်နဲ့ ဆိုင်ကယ်အရောင်းဆိုင်တွေကို ပစ်မှတ်ထား ငွေညှစ်မှုတွေ လုပ်ဆောင်လာတာပါ။

သံလွင်တိုင်းမ်က မေးမြန်းခွင့်ရတဲ့ ခြိမ်းခြောက်ငွေညှစ်မှုတွေထဲမှာတော့ ဆိုင်ကယ်၊ကားနဲ့ဖုန်းတွေ ခိုးယူလာတဲ့ ဒုစရိုက်သမားတွေဟာ ကနဦးအနေနဲ့ သက်ဆိုင်ရာ အရောင်းဆိုင်တွေမှာ ပစ္စည်းတွေ လာရောက်ရောင်းချသွားတာပါ။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက ဒုစရိုက်သမားတွေကို ခေါ်ယူလာပြီးနောက် သူခိုးပစ္စည်း လက်ခံမှု စွပ်စွဲချက်နဲ့ ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းခံတာတွေ ရှိနေသလို အမှုတွဲထဲ မပါဖို့ သိန်း ရာနဲ့ချီ ပေးဆောင်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။

ခြိမ်းခြောက်ငွေညှစ်မှုတွေ ကြုံခဲ့ရတဲ့သူတွေရဲ့ ပြောပြချက်အရ နောက်ပိုင်းမှာ အဲဒီဒုစရိုက်သမားတွေ ဖမ်းဆီးခံရတာမရှိဘဲ မြို့ထဲမှာ ပေါ်ပေါ်တင်တင်သွားလာပြီး စစ်ကောင်စီရဲ့ သတင်းပေးအဖြစ် ဆောင်ရွက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေအပေါ် သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ဟာ ဒုစရိုက်သမားတွေနဲ့ ပေါင်းပြီး ပြည်သူတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ တရားဝင်သဖွယ် ဓားပြတိုက်နေတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“နည်းတွေက အများကြီးဖြစ်နေတယ်။ ဥပမာ သူတို့ကလိုင်စင်ဘီးကို Without နဲ့ ရောင်းထားတဲ့ နေရာတွေသိလို့ရှိရင် သူခိုးတစ်ကောင်ကို ခေါ်လာတယ်။ ခေါ်လာပြီးရင် အဲဒီသူခိုးက လက်ညှိုးထိုးတယ်။ မင်းဝယ်တယ်ဆိုရင် စခန်းမှာလာရှင်း။ သူခိုးလက်ခံဆိုပြီး ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်တာ။ ပြီးတော့ ထောင်မကျချင်ရင် သိန်းဆယ်နဲ့ချီ တောင်းတာ။ အခုကနည်းပေါင်းစုံနဲ့လိမ်စားနေတာ။ တရားဝင်ဓားပြတိုက်တာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီးနောက် နည်းလမ်းပေါင်းစုံနဲ့ ငွေကြေးတောင်းခံတာတွေ ရှိနေသလို တပ်ဖွဲ့ဝင်အတွင်းမှာလည်း အဂတိ လိုက်စားမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေပါတယ်။

သံလွင်တိုင်းမ်ကရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း ရဲတပ်ဖွဲ့ထဲက အကြီးအကဲတွေဟာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တင်းသွင်းမှုတွေမှာ ဦးဆောင်ပါဝင်နေပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်း နည်းလမ်းအမျိုးမျိုးနဲ့ ငွေကြေးရှာဖွေမှုတွေ ရှိနေတာပါ။

မော်လမြိုင်မြို့ မှာ အာဏာသိမ်းကာလအတွင်း ဒုစရိုက်မှုတွေဖြစ်တဲ့ ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှုအပါအဝင် တခြားအမှုအခင်းတွေ အများအပြား ဖြစ်ပေါ်နေပေမယ့် ရဲတပ်ဖွဲ့ဘက်က ဖမ်းဆီးဖော် ထုတ်ပေးနိုင်တာ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...