မွန်ပြည်နယ်တွင် လုံခြုံရေးအင်အားဖြင့် စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူနေ

မွန်ပြည်နယ်တွင် လုံခြုံရေးအင်အားဖြင့် စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူနေ

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီက လုံခြုံရေးအင်အားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေကြောင်း သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လဝက၊ ကျောင်းဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သည့် အဖွဲ့ဝင် ၇ ဦးဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှစကာ သတ်မှတ်ထားသည့် ကောက်ကွက်များအလိုက် ကောက်ယူသွားမည်ဟု ပြည်နယ်လဝကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လတ်တလောမှာတော့ လုံခြုံရေးအခြေအနေကောင်းတယ်လို့ ယူဆထားတဲ့ နေရာတွေကို ဦးစားပေးအနေနဲ့ ကောက်ယူနေတယ်။ လက်ရှိမှာလည်း လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ လုံခြုံရေးအင်အားအများအပြား အသုံးပြုထားတယ်” ဟု ၎င်းက ပြောသည်။

သန်းခေါင်စာရင်း စကောက်သည့် အောက်တိုဘာလ ၁ ရက်နေ့မှာတော့ လုံခြုံရေးအခြေအနေကောင်းသည့် မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များတွင်သာ ကောက်ခံခဲ့ပြီး လက်ရှိတွင် ကျေးရွာဘက်စကောက်နေသည်ဟု သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က လုံခြုံရေးအင်အားအများအပြားသုံးစွဲကာ လိုက်လံကောက်ယူနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“ပေါင်မြို့နယ်ဘက်မှာလည်း သန်းခေါင်စာရင်းကောက်ယူနေတယ်။ သူတို့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ရော၊ ပြည်သူ့စစ်တွေရော၊ ပျူစောထီးတွေရော သေနတ်တွေနဲ့ လိုက်လံစောင့်ကြပ်နေတာမျိုးတွေ့ရတယ်” ဟု ပေါင်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးနားဝန်းကျင်က ရွာများကိုလည်း လုံခြုံရေးအင်အားအများအပြားဖြင့် စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ဆောင်နေကြောင်း ရေးဒေသခံတို့က ပြောသည်။

“သန်းခေါင်စာရင်းကောက်တဲ့ခါမှာ သူတို့သတ်မှတ်ထားတဲ့အတိုင်းပေါ့လေ။ လဝက ပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေပါတယ်။ နောက်ပြီး ရပ်/ကျေး အုပ်ချုပ်ရေးအပိုင်းကလူတွေပါတယ်။ အဲ့ဒီအပြင်ကို လုံခြုံရေးအင်အားအများအပြားနဲ့ လိုက်လံကောက်ယူနေတာမျိုးတွေ့ရပါတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

၎င်းပြင် စစ်ရေးပဋိပက္ခပြင်းထန်နေသည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနှင့် ကျိုက်မရောမြို့ပေါ်ရပ်ကွက်တို့တွင်လည်း စစ်ကောင်စီက လုံခြုံရေးအင်အားအများအပြားဖြင့် သန်းခေါင်စာရင်း ကောက်ယူနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ခံသွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

Most read this week

ဓာတ်ပုံ - PRF
September 1, 2026
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် မှာ...
လှိုင်ကနီ-တောင်ပေါက်ရွာကြား သြဂုတ်လ ၂၁ ရက်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားစဉ် / Crd
September 1, 2026
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မွန်နှင့် ကရင်ပြည်အတွင်း မြို့နယ်အချို့၌ စက်လှေအသုံးပြု...
ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...
August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...