တောင်ကြီးမြို့နယ် ဒေသခံများကို PNA စစ်ဝတ်စုံ ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်အင်အားပြ

တောင်ကြီးမြို့နယ် ဒေသခံများကို PNA စစ်ဝတ်စုံ ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်အင်အားပြ

သျှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် ပေါမူကျေးရွာဒေသခံများကို ပအိုဝ်းပြည်သူ့စစ် (PNA/PNO)က စစ်ယူနီဖောင်း ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်သင်တန်းဆင်းပွဲတွင် အင်အားပြခိုင်းကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၃၀)ရက် PNA/PNOက တောင်ကြီးမြို့နယ် ပေါမူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်အိမ်လျှင် ကျပ်ငွေ ငါးသောင်း ကောက်ယူပြီး အသက် (၁၈)နှစ်မှ အသက် ၅၀ကြားရှိ အမျိုးသားများကို စစ်သင်တန်းဆင်းပွဲ တက်ခိုင်းခဲ့သည်။

ထိုစစ်သင်တန်းဆင်းပွဲတွင် အချို့ ဒေသခံများ PNA၏ စစ်သင်တန်းကို မတက်ရဘဲ စစ်ဝတ်စုံဝတ်ဆင်ပြီး အင်အားပြသည့်ထဲပါဝင်ရကြောင်း သင်တန်းဆင်းပွဲတက်ရောက်ခဲ့သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျနော်တို့ကို ပြီးခဲ့တဲ့ နှစ်ပတ်က PNO ဝတ်စုံကြေးဆိုပြီး ၅သောင်းလာကောက်တယ်။ အဲ့ကတည်းက စစ်အင်အားပြဖို့အတွက် သွားရမယ်ဆိုတာပြောတယ်။ ကျနော်က အရင်တခါ စစ်သင်တန်း ၄ရက် တက်ဖူးထားတယ်။ တချို့ဆိုရင် စစ်သင်တန်းမတက်ဘဲ သင်တန်းဆင်းပွဲမှာ အင်အားလာပြတာရှိတယ်” အသက် ၂၄နှစ်အရွယ် ပအိုဝ်းလူငယ်တစ်ဉီးက ပြောသည်။

သျှမ်းပြည် တောင်ပိုင်း ရန်ကင်းစစ်ဒေသ တွင် PNA ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာ သင်တန်းအခမ်းအနား တွင် စစ်အင်အား နှစ်သောင်းကျော်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်း၏ ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၃၀ရက်၌ ရေးသားထားသည်။

“ အင်အားက သူတို့ PNO ကိုယ်ပိုင်လော်ဘီ တင်တဲ့ လူစာရင်းအရ နှစ်သောင်းလို့တော့ တင်တာပဲ။အဲလောက်မရှိဘူး။ တစ်သောင်းတောင်မပြည့်ဘူး။ သေချာတာကတော့ အဲဒါသူတို့ စစ်သားတွေ မဟုတ်ပါဘူး ဒေသခံတွေပါ။ “ ဟု PNA တွင် စစ်သင်တန်းတက်ခဲ့သည့် လူငယ်က ဆိုပြန်သည်။

ပအိုဝ်းပြည်သူ့စစ် သင်တန်းကို ရက်တိုသင်တန်းမျှသာ တက်ရောက်ခွင့် ကြရှိပြီး ၁၀ ရက်မှ ၁၅ ရက် အထိသာ သင်တန်းတက်ရောက်ခဲ့ကြရပြီး အခြေခံကျသည့် အလေးပြုနည်းနှင့် ဘယ်ညာလှည့်နည်းသာလျှင် သင်ယူခဲ့ရကြောင်း ၎င်းက ပြောသည်။

“ ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာ ထိန်းကျောင်းနိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိတဲ့သဘောမျိုးနဲ့ ကျနော်တို့လုပ်ဖြစ်တယ်။ ယောက်ျားတိုင်းက အခြေခံ စစ်ပညာကို သိတတ်နားလည်ဖို့ သဘောပေါက်ဖို့လိုအပ်တယ်။ ဒါကြောင့်ပေးဖြစ်တာပါ။” ဟု PNA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမြင့်အောင်က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုသင်တန်းဆင်းပွဲတွင် တောင်ကြီးမြောက်ဘက်ခြမ်းဒေသ၊ ဟိုပုံး မြောက်ဘက်ခြမ်း ဒေသ၊ ရပ်စောက် အရှေ့ခြမ်းနှင့် ကလောရှိ ပအိုဝ်းတိုင်းရင်းသားဒေသခံများ ပါဝင်ခဲ့ကြောင်း ဗိုလ်မှူးမြင့်အောင်က ထပ်လောင်းပြောသည်။

ထိုအခမ်းနားတွင်PNAမှ စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဦးထွန်းနိုင်၊ဒုတိယ ဦးစီးချုပ် ဦးနေဝင်းထွန်းတို့နှင့် အတွင်းရေးမှူး ဦးခွန်သိန်းဖေတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ယခုကဲ့သို့ စစ်သင်တန်းဆင်းပွဲကို အင်အားအများပြားနှင့် ပြုလုပ်ခဲ့သည်မှာ ပထမအကြိမ်မဟုတ်ကြောင်း ပြီးခဲ့သည့် (ဩဂုတ်လ ၂၁) ရက်နေ့တွင်လည်း ပင်လောင်းမြို့နယ်တွင် စစ်အင်အားတစ်သောင်းဖြင့် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...