ပြည်နယ်များထဲတွင် ရခိုင်ပြည်နယ်တွင် မြေယာသိမ်းဆည်းမှု အများဆုံးဟု ၈၈ မျိုးဆက်ဆို

ပြည်နယ်များထဲတွင် ရခိုင်ပြည်နယ်တွင် မြေယာသိမ်းဆည်းမှု အများဆုံးဟု ၈၈ မျိုးဆက်ဆို
by -
နိရဥ္စရာ
ပြည်နယ်များထဲတွင် ရခိုင်ပြည်နယ်မှာ လယ်ယာမြေသိမ်းဆည်းခံရမှု အများဆုံး ပြည်နယ်ဖြစ်ပြီး လယ်ယာမြေများကို အများဆုံး သိမ်းဆည်းထားသည်မှာ စစ်တပ်မှ ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လယ်ယာစီးပွားရေးနှင့် တောင်သူလယ်သမားရေးရာဌာနမှ ပြောသည်။

ဇူလိုင် ၁၇ ရက် သောကြာနေ့၊ နေ့လည် (၁)နာရီက  ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာ လမ်း ၈၈ မျိုးဆက်ရုံးခန်း တွင် ပြုလုပ်သော “ရခိုင်ပြည်နယ်ခရီးစဉ်တွင် ကြားမြင်ခဲ့ရသည့် မြေယာ ပြဿနာများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ”တွင် အဆိုပါ အဖွဲ့က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တောင်သူလယ်သမားရေးရာဌာန ဒုတိယ တာဝန်ခံ ဦးမျိုးသန့်က “ကျွန်တော်တို့ ကချင်ပြည်နယ်က လွဲပြီး ကျန်ပြည်နယ် (၆)ပြည်နယ်ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီ ပြည်နယ် (၆)ခုထဲမှာ ရခိုင်ပြည်နယ် ဟာ မြေယာသိမ်းဆည်းခံရမှု အများဆုံးပါ။ သိမ်းဆည်းထားတဲ့ မြေယာထဲမှာ ကာကွယ်ရေးကို အကြောင်းပြပြီး စစ်တပ်က သိမ်းယူထားတာအများဆုံးပါ”ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော့ စသည့် (၁၃)မြို့နယ်သို့ (၂၅) ရက်ကြာ သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။

ထိုခရီးစဉ်တွင် ဒေသခံရခိုင်ပြည်သူများနှင့် တွေ့ဆုံပြောကြား လေ့လာတွေ့ရှိချက်အရ မြေယာသိမ်း ပြဿနာ အမှုပေါင်း ၈၀ ကျော်ရှိကြောင်း ပြောဆိုသည်။

ထိုအထဲတွင် တပ်သိမ်း ၃၄ မှု၊ အုပ်ချုပ်ရေးပိုင်းသိမ်း ၂၁ မှု၊ ကုမ္ပဏီသိမ်း  ၉ မှု၊ ဝန်ကြီးဌာနသိမ်း  ၅ မှု၊ စီးပွားရေး လုပ်ငန်းရှင်သိမ်း ၁ မှု ၊ လယ်ယာမြေအငြင်းပွား ၂ မှု၊  ရဲဘော်ဟောင်းသိမ်း ၁ မှု၊ ကျေးရွာမြေစိစစ်ဆုံးဖြတ် ချက်အားမနာခံမှု ၁ မှု ဖြစ်ကြောင်း ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း လယ်ယာစီးပွားရေးနှင့် တောင်သူလယ်သမားရေးရာဌာနမှ ပြောသည်။

“ကျွန်တော်တို့ ခရီးစဉ်မှာ စစ်တပ်က တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ခြိမ်းခြောက်တဲ့ အပြုအမူမျိုး တွေ တွေ့ခဲ့ရပါ တယ်။ ဒေသခံရခိုင်ပြည်သူတွေကိုလည်း ခြိမ်းခြောက်နေတယ်လို့ ခံစားခဲ့ရပါတယ်”ဟု ကိုမျိုးသန့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 ထို့အပြင် စစ်တပ်သည် ဒေသခံရခိုင်ပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အသံများကိုလည်း မကြားဟန်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းပြင် လယ်ယာမြေအငြင်းပွားမှုအပြင် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ရ အား မလျော် သြဇာသုံးပြီး သိမ်းယူထားမှုများ၊ အများပိုင်မြေများကို စီးပွားရေးလုပ်ငန်းရှင်များက လုပ်ကိုင်ခွင့် လျောက်ထားနေမှုများလည်း ရှိနေကြောင်း ယင်းအဖွဲ့၏ သုံးသပ် ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် လေ့လာတွေ့ရှိကြားမြင်ခဲ့ရသည့် အကြောင်းအရာများနှင့် သက်ဆိုင်သည့် သုံးသပ်တင်ပြချက်များ ကို ပြည်ထောင်စု အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးသို့ တင်ပြသွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် လယ်ယာမြေသိမ်းဆည်းမှုကို ဆက်လက်လေ့လာစောင့်ကြည့်ကာ ဒေသခံ ပြည်သူများ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...