ပန်ဆောင်ဆေးရုံကြီး ပိတ်ထားရ၍ ဒေသခံများ ကျန်းမာရေး အခက်ကြုံ

ပန်ဆောင်ဆေးရုံကြီး ပိတ်ထားရ၍ ဒေသခံများ ကျန်းမာရေး အခက်ကြုံ

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က ပြည်သူ့ဆေးရုံကြီး ပိတ်ထားရ၍ ဒေသခံများ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရေး အခက်အခဲ ဖြစ်နေကြသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ရှိ ပြည်သူ့ဆေးရုံ ကြီးသည် ပြိုကျမည့် အန္တရာယ်ရှိလာသောကြောင့် ပိတ်ထားရသဖြင့် ဒေသခံပြည်သူများ ဆေးကုသမှု ရရှိရေး ခက်ခဲနေကြ ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဆေးရုံက ပြိုတော့ မပြိုသေးဘူး။ အက်နေတာ ပြိုတော့မယ့် ပုံစံမျိုး အဲ့ဒါကြောင့် မနေ တာ။ အက်လာတာတော့ကြာပြီ တဖြည်းဖြည်းနဲ့  တစ်နေရာပြီး တစ်နေရာ အက်လာတာလေ။ ဆောက်ထားတဲ့ သူက သေချာ မဆောက်ထားလို့လားတော့ မသိဘူး။ ပြိုကျတော့မှာ လုံးဝကို မသုံးတော့တာ” ဟု ပြောသည်။

၎င်းဆေးရုံသည် ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ဆေးရုံဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန္နဝါရီလတွင် အန္တရာယ် ရှိသည့် အဆောက်အအုံ အဖြစ် အင်ဂျင်နီယာများက သတ်မှတ်ခဲ့ကြောင်း ပန်ဆောင်မြို့ ကျန်းမာရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အထဲမှာတော့ ဝင်ခွင့်မရှိဘူး။ အင်ဂျင်နီယာတွေက အန္တရာယ်ရှိ အဆောင်အဖြစ် သတ်မှတ်ထားတယ်။ ဝန်ထမ်းတွေဘက်က အစကတည်းက တောင်းထားပြီး ဘာမှ သတင်းမကြားလာဘူး။ ဒါကြောင့် လူထုတွေ ဘက်က တောင်းခံတာ ဖြစ်စေချင်တယ်။ အဲ့ဆေးရုံပြောင်းဖို့က ရပ်မိရပ်ဖတွေ ခေါ်တယ်။ အစည်းအဝေးတွေ လုပ်တယ် ပြီးတော့မှ အင်ဂျင်နီရာကိုခေါ် တယ်။ အင်ဂျင်နီယာတွေကတော့ အန္တရာယ်ရှိ အဆောင်လို့ သတ် မှတ်လိုက်တယ်” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ ပြည်သူ့ဆေးရုံအား ပိတ်ထားပြီး ယခင်က ဆေးရုံအဟောင်းတွင် ဖွင့်လှစ်ထားသည်။

ယခင်ဆေးရုံအဟောင်း နေရာမှာ ကျဉ်းသောကြောင့် မွေးလူနာများကိုသာ အဓိက လက်ခံကုသ ပေးနေကြောင်း ဒေသခံများက ပြောသည်။

ပန်ဆောင်မြို့ ကျန်းမာရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဆေးရုံဟောင်းမှာကျတော့ အရမ်းကြီး အဆင်မပြေဘူး။ နေရာလည်း ကျဉ်းကျဉ်းလေး။ ပြီးရင် လူနာတွေလည်း အဲ့လောက်ကြီး လက်မခံဘူး။ မွေးလူနာတွေကိုပဲ ဦးစားပေးကြတယ်။ အရမ်းဖျားတဲ့ လူနာဆိုရင်က အိန္ဒိယဘက်ခြမ်းမှာ ပို့လိုက်တယ်။ နန်းယွန်းမှာလည်း ပို့လိုက်တယ်၊ ကိုယ်ဝန်သည်တွေ ခွဲစိပ်ရမယ့် ကလေးတွေဆိုရင်က အိန္ဒိယမှာ မွေးကြတယ်” ဟု ပြောသည်။

ပန်ဆောင်မြို့ရှိ ပြည်သူ့ဆေးရုံကို အန္တရာယ်ရှိသည့် အဆောက်အအုံအဖြစ် သတ်မှတ်ထားပြီးနောက် ပိတ်ထားရသည့်အပြင် ဆေးဝါးများ ပြတ်လပ်နေသည်ဟု ဆေးရုံးနှင့်နီးစပ်သူများက ဆိုသည်။

ဒေသခံတစ်ဦးက “ဆေးလည်း မစုံဘူး။ ဆေးလည်း မလာကြဘူး။ ဆေးမကဘူး မြန်မာ ကုန်ပစ္စည်းတွေတောင် မှ စားသောက်ကုန် ငပိက အစ မလာကြတော့ဘူး မရှိဘူး။ လမ်းပျက်သွားလို့လေ ဆေးရုံမှာလည်း ဆေးမရှိ ဘူး။ အခု လိပ်ပြာအပ်က အစ မရှိဘူးလို့ ပြောတယ်။ ဆေးရုံမှာ ရှိတာတော့ပေးတယ်။ အပြင်မှာပဲ ဝယ်ခိုင်းတာ ပေါ့ ဆေးရုံးက ညွှန်းပေးတယ်။ အခုက အပြင်မှာလည်း ရှာလို့ မရဘူးဆို အခုက” ဟု ပြောသည်။

ပန်ဆောင်မြို့တွင် လမ်းခရီးအခက်အခဲများကြောင့် ဆေးဝါးများနှင့် အကြောဆေးသွင်းရာတွင် သုံးရသည့် အပ် (လိပ်ပြာအပ်) တို့အပြင် စားသောက်ကုန်များလည်း ပြတ်လပ်နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ပိတ်ထားရသည့် ပန်ဆောင်မြို့ရှိ ပြည်သူ့ဆေးရုံမှာ ၁၆ ကုတင်ဆံ ဆေးရုံဖြစ်ပြီး ဆရာဝန်လည်း မရှိဟု ဒေသခံများက ပြောသည်။

ပန်ဆောင်ဆေးရုံတွင် သားဖွားဆရာမ နှစ်ဦးနှင့် အထက်တန်း သူနာပြု နှစ်ဦး၊ အမျိုးသား ကျန်းမာရေးဝန်ထမ်း တစ်ဦး စုစုပေါင်း ၅ ဦးသာ ရှိသည်။

June 25, 2026
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က...
June 24, 2026
ချင်းပြည် တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်တပ်၏...
June 23, 2026
ကချင်ပြည်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်း၊...
ဓါတ်ပုံ - Karenni College of Social Sciences & Humanities, Karenni Law College
June 22, 2026
စစ်တပ်၏ လေကြောင်းရန် အန္တရာယ်နှင့် ဘဏ္ဍာရေး အကျပ်အတည်းများကြားမှ တော်လှန်ရေးနယ်မြေ အသီး သီးရှိ...