ခန္တီးတွင် စစ်မှုထမ်း ၅၀ ပြည့်ရန် လူငယ်များအား လိုက်လံ ဖမ်းဆီး

ခန္တီးတွင် စစ်မှုထမ်း ၅၀ ပြည့်ရန် လူငယ်များအား လိုက်လံ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် စစ်မှုထမ်းအတွက် လူငယ်အယောက် ၅၀ ရရှိရေး စစ်ကောင်စီ လက်အောက်ခံ ဒေသတွင်းရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးမှုများ လုပ်နေကြသည်။

ခန္တီးမြို့တွင် ဩဂုတ်လအတွင်း စစ်မှုထမ်းအတွက် လူငယ်အယောက် ၅၀ မပြည့်မချင်း စစ်ကောင်စီတပ်က ဆက်တိုက် ဖမ်းဆီးမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ယခုလက်ရှိ ဖမ်းဆီးခံထားရ သူများထဲတွင် အမျိုးသမီး ၃ ဦးလည်းပါဝင်သည်ဟု ခန္တီးမြို့က ဒေသခံများက ပြောသည်။

ခန္တီးမြို့ဒေသခံ အမျိုးသားတစ်ဦးက “ခရိုင်ထွေအုပ်ကြီး ညွှန်မှူးပေါ့ ကိုယ်တိုင်ရဲ့ အစီအစဉ်နဲ့တဲ့။ ခန္တီးမြို့နယ် ကနေ အယောက် ၅၀ ရအောင် ပေါ်တာဆွဲမှာ။ ရအောင် ခေါ်ပေးရမှာ။ အခု ၂၀ ကျော်ပြီးလို့ ကြားတယ်” ဟု ပြော သည်။

ထိုအယောက် ၅၀ အား တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးနေခြင်း ဖြစ်သည်။

အလားတူ ခန္တီးရဲစခန်း၌ အမှုတစ်ခုခု ရှိနေသူများ၊ ဖဲဝိုင်း၊ အရက်ဝိုင်းတို့မှ လူငယ်များကိုပါ လိုက်လံ ဖမ်းဆီးနေ ကြောင်း မြို့နယ်ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

မြို့နယ်ထွေအုပ်ရုံးသို့ ခရီးသွားထောက်ခံစာ လာယူသည့် လဟယ်မြို့နယ်က ဒေသခံ ၂ ဦးလည်း ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ဆိုသည်။

နီးစပ်သူ ဆွေမျိုးတစ်ဦး က “စားဝတ်နေရေးခက်ခဲလို့ ရွှေမှော်ဘက်ကို အလုပ်သွားဖို့ ခရီးသွား ထောက်ခံစာ သွားတောင်းတာ။ ထောက်ခံ စာမပေးဘဲ စောင့်ခိုင်းပြီး တပ်ကနေ ခေါ်သွားပါတယ်။ ပြန်မလာကြတော့ ညီ အစ်ကို တစ်ယောက်က သွားကြည့်တာ နှစ်ယောက်လုံး မရှိတော့ဘူး။ ဆိုင်ကယ်နဲ့ မိုးကာအင်္ကျီပဲ ကျန်ခဲ့တော့ တာ။ ထွေအုပ်ရုံးကို မေးတော့ ကောင်းကောင်း မပြောပြဘူး” ဟု ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် လူငယ်များအား နေ့စဉ် နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကားများဖြင့် ဟုမ္မလင်း ဘက်သို့ပိုပြီး ရေကြောင်း အမြန်ယာဉ်များဖြင့် ပို့ဆောင်နေကြကြောင်း မျက်မြင်သက်သေ တစ်ဦး ပြောသည်။

“မနက်မှာ စစ်ကား ၃ စီး အမြန်ယာဉ် ဆိပ်ကမ်းဘက် မောင်းသွားတာ တွေ့တယ်။ အဲကားဖြတ်သွားချိန် ဈေး သွားလာသူတွေတောင် ပုန်းတဲ့သူက ပုန်းနေကြတာ အဲ့အချိန်ကြီး သူတို့မြင်ရင် ငါကိုပါ ဆွဲသွားမလားမသိဘူး” ဟု ပြောသည်။

ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့အား ချင်းတွင်းမြစ် ရေကြောင်းလမ်းဖြင့် အဓိက သွားလာကြသည်။

ခန္တီးမြို့တွင် စစ်မှုထမ်းပထမသုတ်၌ မိမိဆန္ဒဖြင့် သွားသူနှင့် မဲပေါက်သူ အယောက် ၂၀ ကျော် စစ်မှုထမ်းရန် သွားခဲ့ကြသည်။

ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ၊ ၂၉ ရက်နေ့၊ နံနက် ပိုင်းက ခရိုင်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...