မိုးမိတ် စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

မိုးမိတ် စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်ကျန် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၁၁ နာရီခန့်မှ စတင်ပြီး မိုးမိတ်မြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ အခြေချစစ်ဗျူဟာ၊ စခက-(၂၁)၊ ခလရ-(၂၂၃၊ ၂၇၆)နှင့် ခမရ-(၃၄၈) တပ်ရင်းများအားလုံးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး လွေးယေဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

“မနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကောင်စီ တပ်စခန်း စကခ-၂၁(မပခ)၊ ခလရ-၂၂၃၊ ခလရ-၂၇၆၊ ခမရ-၃၄၈ တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်”ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်စခန်းအားလုံးကို တိုက်ထုတ်နိုင်ပြီး မိုးမိတ်မြို့နယ် တစ်ခုလုံးကို TNLA နှင့် ပူးပေါင်းတပ်များက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မိုးမိတ်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ဗျူဟာကုန်းနှင့် ဒိုးပင်ရွာတို့တွင် စစ်ကောင်စီတပ်က Y-12 ထောက်ပို့ရဟတ်ယာဉ်ဖြင့် ဗုံး (၆၀) ခန့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ပြန်လည်စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းတွင် TNLA နှင့် PDF ပူးပေါင်းတပ်များသည် နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နောက်ထပ် (၃) မြို့ကို ထိန်းချုပ်ထားနိုင်သည်။

လက်ရှိတွင် TNLA တပ်ဖွဲ့က ထိန်းချုပ်ထားနိုင်သည့် မြို့များမှာ (၁၀) မြို့အထိ ရှိလာပြီး ကျောက်မဲနှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်အတွင်းကလည်း မိုးမိတ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ ရဲစခန်းများကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA မှ ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ မြို့မရဲစခန်းအပါအဝင် တပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်လက်လွတ်ခဲ့ရသည်။

Most read this week

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...