ခိုင်မျိုးချစ်ပါတီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ခိုင်မျိုးချစ်ပါတီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု
by -
နိရဥ္စရာ
ရခိုင်မျိုးချစ်ပါတီအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ကို ၂၀၁၅ ခုနှစ် ဇူလှိုင်လ ၁၅ ရက်၊ ကြေညာချက်အမှတ် (၃၆/ ၂၀၁၅)ဖြင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ရခိုင်မျိုးချစ်ပါတီမှ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်သဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇော်မင်းထွန်းအား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ “ကျနော် မျိုးချစ် ပါတီအနေနဲ့ မြို့နယ်တွေအလိုက် CEC ၊ CC ဖွဲ့မယ်။ မြို့နယ်ကော်မတီတွေကို သွားရောက်ဖွဲ့မယ်။ ပြီးရင် ကျနော်တို့ရဲ့ ပါတီမူဝါဒလမ်းစဉ် ရည်ရွယ်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ချပြသွားမှာ ဖြစ်ပါတယ်။ တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ၂၀၁၅ ခုနှစ် ဇူလှိုင်လ ၂၀ ရက်နေ့ စတင်တင်သွင်း ရန်  ရွေးကောက်ပွဲကော်မရှင် က ကြေညာထားသဖြင့် ရခိုင်မျိုးချစ်ပါတီမှ လွှတ်တော်နေရာ မည်မျှ ၀င်ရောက်ယှဉ်ပြိုင်မလဲဟု ဆက်လက်မေးမြန်းရာ ဦးဇော်မင်းထွန်းက “အခုက ကျနော်တို့ ပါတီ အနေနဲ့ကျတော့ လွှတ်တော်ကို အခြေခံထားတဲ့ ပါတီ မဟုတ်ဘူးဆိုတော့လေ၊ ကျနော်တို့အနေနဲ့ လွှတ်တော် နည်းဥပဒေအရ လွှတ်တော်သုံးရပ်မှာ လွှတ်တော်ကိုယ်စားလှယ် သုံးနေရာ ယှဉ်ပြိုင်သွား မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနောက်တစ်ချက်က မြို့နယ်တွေမှာ မျိုးချစ်ပါတီအနေနဲ့ မြို့နယ် တစ်ခုက သော်လည်းကောင်း၊ ဒေသတစ်ခုက သော်လည်းကောင်း ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုလာရင် ကျွန်တော်တို့ပါတီက စဉ်းစားရွေးချယ်သွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

၎င်းအပြင် ယခုအချိန်ထိ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးတို့အား မရွေးချယ်ရသေးကြောင်း၊ ၁၅ ရက်နေ့ မှတ်ပုံတင် ကျပြီးနောက်ပိုင်း CEC နှင့် CC ကို ဖွဲ့သွားမည်ဖြစ်ကြောင်း၊ ပြီးလျှင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ပါတီအား ပါတီဝင်အင်အား တစ်ထောင် တင်ထားသဖြင့် ပါတီဝင်များ စတင်လက်ခံသွားမည် ဖြစ်ကြောင်း ဦးဇော်မင်းထွန်းက ဆက်လက် ပြောဆိုသည်။

ရခိုင်မျိုးချစ်ပါတီသည် ရွေးကောက်ပွဲကို အခြေမခံသော ပါတီဖြစ်ပြီး ဘယ်ပါတီကိုမှ အတိုက်အခံ လုပ်မည် မဟုတ်ကြောင်း မိမိတို့ ရခိုင်အမျိုးသားအကျိုးစီးပွား၊ ဒေသခံ လူထုအကျိုးစီးပွားကိုသာ ရည်ရွယ်၍ ဖွဲ့စည်းသော ပါတီဖြစ်သဖြင့် ရခိုင်မျိုးချစ်ပါတီကြောင့် မဲခွဲတာတို့၊ မဲကွဲတာတို့ ဖြစ်ပေါ်စရာ အကြောင်း မရှိပါကြောင်း၊ မည်သည့် ပါတီ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ အတိုက်အခံ လုပ်သွားမည် မဟုတ်ပါကြောင်း ဦးဇော်မင်းထွန်းက ပြောဆိုသည်။

ရခိုင်မျိုးချစ်ပါတီကို စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် စျေးလမ်းနှင့် သာဇံလှလမ်းထောင့်၊ အမှတ် (၃၂)တွင် ပါတီ ရုံးချုပ်ကို ဖွင့်လှစ်ထားရှိသည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှစ်ခုတို့ ရခိုင်ပြည်သူများ၏ တောင်းဆိုချက်အရ တစ်ပါတီအဖြစ် ရခိုင်အမျိုးသားပါတီအမည်ဖြင့် ပေါင်းစည်းလိုက်ပြီးနောက်ပိုင်း တွင် နောက်ထပ် အမည်သစ်တစ်ခုဖြင့် ရခိုင်မျိုးချစ်ပါတီ ပေါ်ပေါက်လာ သဖြင့် ယင်းပါတီ ပေါ်ပေါက် လာမှုနှင့် ပတ်သက်ပြီး လူထုအကြားတွင် မေးခွန်းများ ပေါ်ပေါက်နေသည်ဟု သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...