သျှမ်းတောင်သို့ လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်အများအပြား ရောက်ရှိ

သျှမ်းတောင်သို့ လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်အများအပြား ရောက်ရှိ

သျှမ်းပြည်တောင်ပိုင်းရှိ ဘေးလွတ်ကင်းရာ မြို့များသို့ လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် အများအပြား ရောက်ရှိနေပြီး စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၂ ရက်မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ၏ လားရှိုးမြို့ပေါ် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ကင်းရာ နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းကိုင်၊ မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ နမ့်စန်နှင့် တောင်ကြီး စသည့် မြို့များသို့ ရောက်ရှိနေကြပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

“အခု နမ့်လန် ဘုန်းကြီးကျောင်းတွေမှာ ၂ ထောင်ကျော် ရှိတယ်၊ ခဏလာနားကြတယ်။ ညနားပြီး ခရီးပြန်ဆက်တာတွေ ရှိတယ်။ သူတို့အတွက် ကျောင်းမှာ နေဖို့ ပြင်ဆင်ပေးရတာပေါ့။ အဖွဲ့လိုက် ကူညီပေးနေတာ ရှိတော့ရှိတယ်၊ နည်းတယ်။ သူတို့လည်း ရေရှည်ဆိုရင်တော့ အခက်အခဲဖြစ်မှာ။ စားဖို့သောက်ဖို့ ကူညီဖို့လည်း ခက်နေတယ်”ဟု နမ့်လန်ဒေသခံ စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မိုင်းရှူးမြို့နယ်တွင်လည်း လားရှိုးမြို့မှ ဇူလိုင်လ ပထမပတ်မှ စ၍ ထွက်ပြေးတိမ်းရှောင်လာသော သံဃာတော် ၆၇ ပါးနှင့် စစ်‌ဘေးရှောင် ၂၀၀ ကျော် ရောက်ရှိခိုလှုံနေကြောင်း မိုင်းရှူးမြို့‌ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုကတော့ တစ်နေရာတည်း နေတာမျိုး မဟုတ်ဘူး၊ အိမ်တွေငှားနေကြတယ်။ ကိုရင်တွေကော အများကြီးပဲ ရောက်လာကြတာ များတယ်‌။ စစ်ဘေးရှောင်တွေလည်း ရောက်လာကြတာ ရာချီတယ်။ တချို့လည်း လာနားပြီးတော့ နောက်တစ်မြို့ ခရီးဆက်ကြတာပေါ့။ အစားအသောက်တွေ အကူအညီ လိုအပ်နေတယ်”ဟု မိုင်းရှူးမြို့ဒေသခံ စစ်ဘေးရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် လားရှိုးမှ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဆွေမျိုးအိမ်များနှင့် နေအိမ် ငှားရမ်း၍ နေထိုင်ကြရကြောင်း သိရသည်။

ထို့အပြင် တန့်ယန်းမြို့နယ်တွင် စစ်ဘေးရှောင်များ ရာနှင့်ချီ ရောက်ရှိနေပြီး ထပ်မံရောက်ရှိလာမည့် စစ်ဘေးရှောင်များအတွက်လည်း နေရာထိုင်ခင်းများ ပြင်ဆင်ပေးနေကြောင်း တန့်ယန်းမြို့ ဒေသခံများထံမှ သိရသည်။

ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ၂ထောင်ကျော် အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

လက်ရှိအချိန်ထိ လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများ နေ့စဉ်နီးပါး အဆက်မပြတ် ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၂၀ ဦး ကျော်အထိ ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...