မြို့တွင်းပြန်လည်နေထိုင်သည့် ကော့ကရိတ်မြို့ခံများ ထပ်မံတိမ်းရှောင်နေရ

မြို့တွင်းပြန်လည်နေထိုင်သည့် ကော့ကရိတ်မြို့ခံများ ထပ်မံတိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်၏ အင်အားတိုးတပ်ချထားခြင်း နှင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းတို့ကြောင့်မြို့တွင်းပြန်လည်နေထိုင်သည့် ဒေသခံပြည်သူများ ထပ်မံတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း လက်နက်ကြီးများမကြာခဏ ကျရောက်ပေါက်ကွဲလာသလို စစ်ကောင်စီတပ်လည်း ရပ်ကွက်အတွင်း လူမနေသည့် နေအိမ်များတွင် တပ်စွဲကင်းပုန်းဝပ်မှုများ သိသိ သာသာလုပ်ဆောင်လာသောကြောင့် မြို့တွင်းပြန်နေထိုင်သူများမှာ ဆက်လက်နေထိုင်မရဲတော့၍ ထပ်မံတိမ်းရှောင်လာရခြင်းဖြစ်ကြောင်း တိမ်းရှောင်လာသူများက ပြောသည်။

ထပ်မံတိမ်းရှောင်ရသည့် မြို့ခံတစ်ဦးက"ကော့ကရိတ်မြို့တွင်းမှာ လက်နက်ကြီးတွေ ယခုရက်ပိုင်း မကြာခဏ ကျနေတယ်၊ ဘယ်ကပစ်လဲမသိဘူး။ စစ်တပ်ကလည်း ရပ်ကွက်အတွင်း လူမရှိတဲ့အိမ်မှာ တပ်စွဲကင်း ပုန်းဝပ်တာတွေလည်း ပိုလုပ်လာနေတယ်။ ဒါကြောင့် နေဖို့ အဆင်မပြေလို့ ထွက်လာလိုက်တယ်"ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာနိုင်သည့် စစ်ရေးလှုပ်ရှားမှုများမြင်တွေ့လာနေပြီး မြို့ပေါ် ပြန်နေထိုင်သည့် ပြည်သူအများစုသည် နီးစပ်ရာနယ်မြေဒေသသို့ ထပ်မံတိမ်းရှောင်ရာတွင် နေရာထိုင်ခင်း အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

" အခြားဒေသ၊မြို့မှာ စစ်ရှောင်တာအခက်အခဲရှိလို့ ကိုယ့်မြို့ကိုယ့်အိမ်ကို ပြန်နေတာ၊ အခုက အခြေနေ မကောင်းလို့ ပြည်သူအားလုံးနီးပါး ထပ်ပြီးတိမ်းရှောင်ရတယ်။ ကျန်ခဲ့တဲ့ပြည်သူအချို့က ပြေးဖို့ခက်ခဲလို့ အသေခံပြီးနေတာပဲ"ဟု မြို့တွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ဆက်လက်၍ ကော့ကရိတ်မြို့ပေါ်တွင်  လက်နက်ကြီးကျည်များ မကြာခဏ ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးသူများရှိလာသောကြောင့် အရပ်သားပြည်သူများသာမက မပြန်မနေရ ပြန်ခေါ်ထားသည့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအချို့လည်း မြို့ခံများနှင့်အတူ ထပ်မံတိမ်းရှောင်လာနေရကြောင်း စစ်ကောင်စီဝန်ထမ်းများက ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့တွင် ပြည်သူများအားလုံးနီးပါး ထပ်မံတိမ်းရှောင်နေရပြီး ကျန်ရှိသူအချို့မှာ တိမ်းရှောင်ရန် နေရာအခက်အခဲ၊ သွားလာရေးအခက်အခဲ နှင့် ငွေကြေးအခက်အခဲများကြောင့် ထပ်မံ ပြေးရှောင်ခြင်းမပြုတော့ဘဲ အိမ်စောင့်ကျန်နေသူများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသာ ရှိနေကြောင်း သိရသည်။

July 4, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့်...
ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...
Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...