မိုင်းရယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်

မိုင်းရယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်

သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၇ ရက်နေ့လယ် ၂ နာရီခွဲကျော်မှ စတင်ပြီး ည ၇ ကျော်အထိ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း လွယ်ဟိုတုံးတောင်ပေါ်တွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လေးနာရီကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ထိခိုက်ပျက်စီးမှုရှိကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“ ဒီနေ့ဟိုယမှာ တိုက်ပွဲအပြင်းအထန် ဖြစ်တာ။ လွယ်ဟိုတုံး တောင်ပေါ်ကနေ ဝမ်လုံ၊ ပန်ညောင် အဲ့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာ။ ဝမ်လုံ ဟိုယ ဘက်မှာတော့ အိမ် ၂ လုံး မီးလောင်တာ တွေ့တယ်။ အိမ်တော်တော်များများ လက်နက်ကြီးထိတယ်၊ ဒီနေ့တိုက်ပွဲဖြစ်တာ ၄ နာရီလောက် ကြာတယ်။ မိုင်းရယ်မြို့ပေါ် တပ်ကနေလည်း လက်နက်ကြီး ပစ်ကူလာတယ်”ဟု မိုင်းရယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း လွယ်ဟိုတုံးတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းသည် ဟိုယ-တန့်ယန်း လမ်းခွဲတွင် ခလရ-၆၇ တပ် အထိုင်ချပြီးနောက် လုံခြုံရေးအခြေအနေအရ တောင်ပေါ်သို့ ထပ်မံတပ်စွဲထားသည့် တပ်စခန်းဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ယနေ့ နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီး ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“လွယ်ဟိုတုံးတောင်ပေါ်က စစ်ကောင်စီစခန်းကို MNDAA ရပြီးတော့ ည ၇ ကျော်မှာ အသံငြိမ်သွားတယ်။ လွယ်ဟိုတုံးက ဒီဘက်မှာ အမြင့်ဆုံးဆိုတော့ အဲ့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ စပစ်တာ၊ MNDAA က အဲ့ပေါ်ထိ ဒရုန်းနဲ့ တက်ပစ်တော့ အကုန်ကျသွားတယ်ထင်တယ် လက်နက်ကြီးသံ ငြိမ်သွားတယ်”ဟု ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် တန့်ယန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မန်တပ် တပ်စခန်းမှ လားရှိုးမြို့ဘက်သို့ လက်နက်ကြီး ပစ်ကူနေပြီး မိုင်းရယ်မြို့ဘက်သို့လည်း သီပေါနှင့် ခိုလမ်ဘက်မှ စစ်ကောင်စီတပ်သားများ အင်အားဖြည့်တင်းနေခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မိုင်းရယ်မြို့နယ်အတွင်း ဟိုယ၊ ဝမ်လုံ၊ ပန်ညောင် စသည့် ကျေးရွာများမှ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်မှုကြောင့် လွယ်ဟန်း၊ ဝမ်စန့် ကုန်းစုံ၊ ဟိုတိကျေးရွာရှိ ဘုန်းကြီးကျောင်းများသို့ စစ်ဘေးရှောင် ၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုင်းရယ်ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကတည်းက မိုင်းရယ်မြို့နယ်အတွင်း ဟိုယ-တန့်ယန်းလမ်းခွဲရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ မှ ဟိုယကျေးရွာ အုပ်စုဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ အထက(ခွဲ)၊ ကြံ့ခိုင်ရေးရုံးနှင့် ဝမ်လုံကျေးရွာ ထမင်းဆိုင်တန်းဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...