နောင်ချိုမြို့လယ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ပြည်သူနေအိမ် ၁၀ လုံးကျော် ပျက်စီး

နောင်ချိုမြို့လယ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ပြည်သူနေအိမ် ၁၀ လုံးကျော် ပျက်စီး

သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိမှန်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၉ ရက် ည ၁၀ နာရီခွဲကျော်ခန့်တွင် နောင်ချိုမြို့ပေါ် ဘူတာရပ်ကွက်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မီးသတ်စခန်းနှင့် အနီးရှိ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိမှန်ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ လမ်းမကြီးဘေးက ပြည်ခိုင်ဖြိုးနဲ့ မီးသတ်စခန်း အဲ့နားတဝိုက်ကို ပေါင် ၅၀၀ နဲ့ လာချတာ။ အရင်ညက ဗုံးလာကြဲတာ မီးသတ်ဘေးက မုဒိတာဆေးခန်း၊ အလင်းတန်းဆိုင်တွေ အကုန်ပြိုတာ။ အခုက ရပ်ကွက်တွေထဲ မသွားရဲသေးဘူး။ ထိတာက ပြည်သူအိမ်တွေပဲ၊ ကြွက်မနိုင်တော့ ကျီမီးရှို့တဲ့သဘောပေါ့”ဟု နောင်ချိုမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇွန်လ ၂၉ ရက်တွင် နောင်ချိုမြို့ ကံ့ကော်ဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး ၆ လုံး လာရောက်ကြဲချခဲ့မှုကြောင့် ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၁၁၄/၁၁၅ နှင့် ရှုခင်းသာရှိ ခလရ-၁၄၆ တပ်စခန်းတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ထားပြီး နောင်ချို-ရပ်စောက်လမ်းပိုင်းရှိ အမြောက်တပ်-၆၀၆ ကို ထပ်မံထိုးစစ်ဆင်နေကြောင်း သိရသည်။

ယမန်နေ့ (ဇွန်လ ၃၀ ရက်) ညပိုင်းတွင် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဘူတာရပ်ကွက်နှင့် ဈေးရပ်ကွက်တို့တွင် မီးလောင်ပျက်စီးမှုများ ရှိခဲ့ကြောင်း ကနဦး သိရှိရပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

လက်ရှိတွင် နောင်ချိုမြို့ပေါ်ရှိ အထင်ကရ ဌာနဆိုင်ရာရုံးများဖြစ်သည့် ရဲစခန်း၊ မီးသတ်စခန်း၊ ဆေးရုံ၊ တရားရုံးတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး နောင်ချိုမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ရေးအတွက် အမြောက်တပ်-၆၀၆ ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...