ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီ အမှုဖွင့်

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီ အမှုဖွင့်

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်မှ၊ ဗျိုင်းဖြူကျေးရွာမှ ဖမ်းဆီးခံရသူများထဲမှ ၃၈ ဦးကို မတရားအသင်း ဆက်သွယ်မှု၊ အမိန့်လိုက်မနာမှု ပုဒ်မတို့ဖြင့် စစ်ကောင်စီက ဇွန် ၉ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဗျိုင်းဖြူရွာသား ၅၀ ဦးကို စစ်တွေအမှတ်(၁)ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းအထဲမှ ၈ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၃၀ ဦးကို ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်ထားကြောင်း ရဲစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။

“ ဖမ်းထားတဲ့ထဲက ၅၀ ကို ရဲစခန်းကို လွှဲပြောင်းလိုက်တယ်။ အဲဒီထဲက ၃၈ ယောက်ကို အမှုဖွင့်လှစ်တာပါ။ ကျန်တဲ့ ၁၂ ယောက်ကိုတော့ ဘယ်ပုဒ်မနဲ့ဖွင့်ထားလဲ မသိရသေးဘူး။ အမှုဖွင့်ခံထားရသူတွေက ဘယ်သူတွေလည်းဆိုတာ အတိကျမသိရသေးဘူး။ ရမန်ယူထားသေးတယ်” ဟု ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဗျိုင်းဖြူရွာသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ဒေသခံ ၁၀၀ ခန့်ကို စစ်တွေအခြေစိုက် ခလရ (၂၀) သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ နှစ်ပတ်ခန့်အကြာတွင် ရဲလက်သို့အပ်ကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

အမှုဖွင့်ခံထားရသူများ၏ အမည်နှင့် အခြားအချက်လက်များ DMG က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၈၈ သည် အစိုးရ၏ ညွှန်ကြားချက်၊ အမိန့်ကို ချိုးဖောက်သူ မည်သူမဆို ထောင်ဒဏ် တစ်လမှ ၆ လအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည်။ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နှင့် ငြိစွန်းသူကို ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ကျခံစေရမည်ဟု ဉပဒေတွင် ပြဌာန်းထားသည်။

ဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူရွာသားများထဲမှ ၄၇ ဦးကို ဇွန်လ ၈ ရက်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“ကျမတို့မှာ မိသားစုဝင် ၃ ယောက်ပါသွားတယ်။ ပြန်လွတ်လာတဲ့ထဲမှာ မပါဘူး။ ရဲလက်အပ်လိုက်တဲ့ထဲမှာလည်း မတွေ့ရဘူး။ ထိန်းသိမ်းခံနေရဆဲလား၊ အရိုက်ခံနေရပြီလား၊ မပြောကောင်းမဆိုကောင်း သေများသေသွားပြီလား အမျိုးမျိုးတွေးပြီး စိတ်သောကရောက်နေရပါတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စောမြရာဇာလင်းဦးဆောင်သည့် ALP တပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင် အပါအဝင် အင်အား (၁၇၀) ကျော်သည် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာထဲဝင်ရောက်လာပြီး ကလေး၊ လူကြီး၊ လူငယ်မကျန် တစ်ရွာလုံးကို ဖမ်းဆီးခဲ့သည်။

ယင်းနောက် အမျိုးသားများအား ညဉ်းပန်းနှိပ်စက်ကာ ၇၆ ဦးထိ အစုလိုက်အပြုံသတ်ဖြတ်ခဲ့ပြီး အလောင်းများကို မီးရှို့မှု၊ အမျိုးသမီးအချို့အား အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ ဗျိုင်းဖြူရွာကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် ALP က ငြင်းထားသည်။

ယင်းဖြစ်စဉ်အပြီးတွင် ဗျိုင်းဖြူကျေးရွာသားများကို စစ်ကောင်စီက ရွာမှနှင်ထုတ်ထားသဖြင့် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံကာ စားသောက်ရေးအတွက် အကူအညီများ လိုအပ်နေကြသည်။

လက်ရှိတွင် ဗျိုင်းဖြူကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...