တီးတိန်-တွန်းဇံကြား ဇလွေချောင်းကူးတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး

တီးတိန်-တွန်းဇံကြား ဇလွေချောင်းကူးတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ကြားတွင် တည်ရှိသော ဇလွေချောင်းကူး ကွန်ဂရစ်တံတားကို ဇွန်လ (၁၀) ရက်နေ့မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု သိရသည်။

တီးတိန်မြို့မှ ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံးဒေသ တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို ဆက်သွယ်သွားလာရာတွင် အဓိကအသုံးပြုသည့် ဇလွေချောင်းကူးတံတားကို စစ်ကောင်စီက လက်နက်ကြီးအမြောက်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

တွန်းဇံမြို့ဒေသခံ အမျိုးသမီးတဦးက “တီးတိန်ကနေ စကစတွေက ဗုံးနဲ့ဖောက်ခွဲလိုက်တာ အခုက ကျိုးသွားတယ်ဆိုတော့ ပြည်သူတွေအတွက် အားလုံးထိခိုက်တယ်။ တအားစိတ်မကောင်းဘူး လမ်းပန်းဆက်သွယ်ရေးကအစ စားဝတ်နေရေးကအစ ဘယ်ကနေသွားမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားလို့မရတော့ဘူး” ဟု ပြောသည်။

ဇလွေချောင်းကူးတံတားသည် တွန်းဇံမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး အလယ်မှာ ပိုင်းဖြတ်ကျိုးသွားသည့်အတွက် ဖြတ်သန်းသွားလာ၍မရတော့ကြောင်း သိရသည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့တို့သည် ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၂၃ ရက်နေ့က အလုံးစုံသိမ်းပိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ရှုံး၍ တီးတိန်မြို့သို့ ထွက်ပြေးသွားခဲ့ကြသည်။

တွန်းဇံမြို့နှင့် ကပ်လျှက်ရှိသော တီးတိန်မြို့တွင် မေလ ၂၆ ရက်ညကစ၍ ချင်းညီနောင်တပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်ခဲ့ပြီးနောက် စစ်ရေးအခြေအနေများ တင်းမာနေဆဲဖြစ်သည်။

ထို့ကြောင့် တီးတိန်မြို့တွင် စစ်ကူများမလာနိုင်ရန်နှင့် ရိက္ခာများပြတ်လပ်ပြီး ပြည်သူများဒုက္ခရောက်စေရန် ရည်ရွယ်၍ စစ်ကောင်စီက ယခုကဲ့သို့ တီးတိန်မြို့နှင့် ဆက်သွယ်သော အရေးကြီးသည့် တံတားများကို ဖျက်ဆီး ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။

ဇွန်လ ၈ ရက်နေ့ကလည်း တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ကို ဆက်သွယ်သော အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မဏိပူရမြစ်ကူး (မံဆောင်း) တံတားကို စစ်ကောင်စီတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...