ကော့ကရိတ်မြို့တွင် စာသင်ကျောင်းအချို့ မဖြစ်မနေဖွင့်လှစ်ရန် စစ်ကောင်စီ ဖိအားပေးနေ

ကော့ကရိတ်မြို့တွင် စာသင်ကျောင်းအချို့ မဖြစ်မနေဖွင့်လှစ်ရန် စစ်ကောင်စီ ဖိအားပေးနေ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းအချို့ကို မဖြစ်မနေဖွင့်လှစ်ရန် ဖိအားပေးခိုင်းစေမှုများရှိနေကြောင်း စစ်ကောင်စီပညာရေးနှင့်နီးစပ်သူများကပြောသည်။

ယင်းကော့ကရိတ်မြို့ သည် စစ်ရေးတည်ငြိမ်မှုမရှိသေးသဖြင့် မြို့ခံပြည်သူများအားလုံး ပြန်ရောက်နေထိုင်လာ ခြင်းမရှိသေးသလို ယခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လာသူအနည်းငယ်သာရှိသော်လည်း စာသင် ကျောင်းများ မဖြစ်မနေဖွင့်လှစ်ခိုင်းနေကြောင်း စစ်ကောင်စီပညာရေး နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြော သည်။

“အ.ထ.က (၁) ကျောင်းက မဖွင့်မနေရဆိုတော့ကျောင်းပြန်လာတက်ရတယ်။ ဝင်းကြီးကျောင်းက အ.ထ.က (၁) နဲ့လာပေါင်းတက်တော့ ကျောင်းသားတွေ အယောက်တစ်ရာ‌ကျော်လောက်ရှိတယ်။ အခြားကျောင်းတွေ မီး လောင်သွားတာရှိတယ်။ ကျောင်းသားမရှိလို့ မဖွင့်နိုင်တာလည်းရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။

မြဝတီမြို့ တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီမှ မြို့ပြန်လည်ရရှိရေးအတွက် နိုင်ငံတော် အဆင့် အောင်ဇေယျ စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်ခဲ့ပြီး ၃ လကျော်ကြာ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ဧပြီလ ၂၆ ရက်နေ့က မြို့ခံစစ်ဘေးရှောင်များကို မြို့တွင်း ပြန်လာနေထိုင်ရန် စစ်ကောင်စီက ပြန်လည်ခေါ်ဆောင်ခဲ့သည်။

စစ်ရှောင်နေရသည့် ကော့ကရိတ်မြို့ခံအချို့ နေရပ်ပြန်လည် နေထိုင်ကြသော်လည်း အခြေအနေ တည်ငြိမ်မှု မရှိသေးသောကြောင့် ကျန်ဒေသခံ အချို့မှာ မြို့တွင်းသို့ ပြန်လည်နေထိုင်ကြခြင်းမရှိသေးသည့်အပေါ် စစ် ကောင်စီက ပိုင်ဆိုင်မှုများ သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောဆိုနေ၍ နေရပ်ပြန်ရသူအချို့ရှိကြောင်း စစ်ဘေး ရှောင်ကူညီသူ ကော့ကရိတ်မြို့ခံ တစ်ဦးက မေလတွင် ကေအိုင်စီ သို့ ပြောဆိုထားသည်။

ယခုလို ကော့ကရိတ်မြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်ရန် လုံခြုံရေးအရ စိတ်ချရသည့် အခြေအနေမရှိသေး သောကြောင့် စစ်ရှောင်ရာတွင် အခက်အခဲရှိသူများသာ ပြန်လည် ဝင်ရောက်နေထိုင်နေကြပြီး ကျောင်းအများ စုမှာ ကျောင်းသားမရှိသဖြင့် ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်းလည်း မြို့ခံကျောင်းသားမိဘတစ်ဦးက ယခုလို ပြောသည်။

၎င်းက“ပြန်နေဖို့တောင် စိတ်ချရတဲ့အခြေအနေမရှိတာ ကလေးတွေကျောင်းပြန်ထားဖို့က အဆင်မပြေဘူး။ တချို့ပြန်နေတဲ့ လူတွေကအခြားဒေသမှာစစ်ရှောင်ရတာအခက်ခဲအမျိုးမျိုးရှိလို့ ကျောင်းတက်မဲ့ကလေးတော့ နည်းမယ်။ ကျောင်းတွေအများစုက ကျောင်းသားမရှိလို့မဖွင့်နိုင်လောက်ဘူ” ဟု ကေအိုင်စီ သို့ပြောသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းများကို ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ခုနှစ်တွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပညာသင်နှစ် ပြီးဆုံးသည်အထိ ဖွင့်လှစ်နိုင်ခြင်းမရှိသလို ယခုနှစ်တွင်လည်း ယခင်နှစ် ထက်အခြေနေများဆိုးရွားနေသဖြင့် လက်ရှိအချိန်ထိ ကျောင်းအပ်နှံထားသူအနည်းငယ်သာရှိသေးကြောင်း ကော့ကရိတ်မြို့ခံများကပြောသည်။

ကော့ကရိတ်မြို့တွင် ရပ်ကွက် (၇) ခုရှိပြီး (အ.ထ.က-၁)၊(အ.ထ.က-၂)၊(အ.ထ.က-ချောင်းတောင်)၊ (အ.ထ.က-တောင်ပေါ်ရပ်) နှင့် (အ.ထ.က- (ခွဲ)ဝင်းကြီး) ဟူ၍ အထက်တန်းကျောင်း ၅ ကျောင်းရှိကာ (အ.ထ.က-၁) နှင့် (အ.ထ.က-(ခွဲ) ဝင်းကြီး) ကျောင်းကိုပေါင်းဖွင့်ထားရသလို (အ.ထ.က-၂)လည်းဖွင့်ထားပြီး ကျန် ချောင်းတောင် ကျောင်းမှာဖွင့်ရန် စီစဉ်နေဆဲဖြစ်သော်လည်း တောင်ပေါ်ရပ်ကျောင်းမှ မီးလောင်ထား၍ မဖွင့်နိုင်သေးကြောင်း မြို့ခံများကဆိုသည်။

ယခုပညာသင်နှစ်အတွက် စစ်ကောင်စီလက်အောက်ခံကျောင်းများတွင် ကျောင်းသူ၊ကျောင်းသားဦးရေ (၆.၃) သန်းကျော် ကျောင်းအပ်နှံထားပြီး ယခင်နှစ်တွင် (၆.၄၇)သန်းကျော် အပ်နှံခဲ့ခြင်းကြောင့် ယခုနှစ်တွင် ကျောင်း သားဦးရေ (၈၀,၀၀၀)ကျော် လျော့ကျသွားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

February 13, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့အား စစ်ကောင်စီက...
February 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ထင်းခုတ်ယူမှုကို တားမြစ်လိုက်ပြီးနောက် မီးသွေးဝယ်လိုအား...
February 11, 2026
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာထက်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...