တီးတိန်မြို့ပေါ် နေအိမ်များ ထပ်မံမီးရှို့ခံရ

တီးတိန်မြို့ပေါ် နေအိမ်များ ထပ်မံမီးရှို့ခံရ

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့၊ လွယ်ဘွာလ်ရပ်ကွက်က နေအိမ်များ ဇွန်လ ၁ ရက်နေ့ညပိုင်းကမီးရှို့ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၉ နာရီခန့်တွင် လွယ်ဘွာလ်ရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီးအနီးရှိ နေအိမ်များ မီးရှို့ခံရခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ မနေ့ညက စကစနဲ့ PDF တွေ ပစ်ခတ်မှုရှိတယ်လို့သိရတယ်၊ အဲဒီနောက် ညမှာ လွယ်ဘွာလ်ရပ်ကွက်မှာ မီးထပ်ရှို့တယ် လို့ပြောတယ်။ အဲဒီမီးလောင်တာကလဲ အဝေးကနေပဲ မြင်ရတာ၊ ဘယ်လောက်လောင်ကျွမ်းတယ် ဆိုတာကိုတော့ ဘယ်သူ မှ မဝင်ရဲကြတော့ မသိရဘူး” ဟု ၎င်းအမျိုးသားက ပြောသည်။

မေလ ၂၆ ရက်ညပိုင်းကစ၍ တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်အထိုင်စခန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စွဲထားသော မိုက်ခရိုဝေ့စ်နှင့် နတလတို့ကို သိမ်းပိုက်ထားပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားသည်။

ထို့နောက် မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ တီးတိန်မြို့ပေါ် နာရီစင် အနီးဝန်းကျင်ကို ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့ရာ နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ပြီးဖြစ်သည်။

တီးတိန်မြို့ပေါ်က ပြည်သူအားလုံးနီးပါးသည် တိုက်ပွဲကြောင့် ကလေးမြို့နှင့် ကျေးရွာများဘက်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။

ထိုကဲ့သို့ စစ်ဘေးရှောင်နေကြသည်အချိန်တွင် မေလ ၃၀ ရက်နေ့က တီးတိန်မြို့ပေါ်က မဏိပူရ်ကုန်စုံဆိုင် ဖောက်ထွင်းခံရပြီး ကုန်ပစ္စည်းအမြောက်အများ ခိုးယူခံရသည်ဟု သိရသည်။

ထို့ကြောင့် မေလ ၃၁ ရက်နေ့တွင် အများပြည်သူ၏ နေအိမ်များနှင့် ဆိုင်ခန်းများအား ဖောက်ထွင်းပြီး ပစ္စည်းဥစ္စာများ ခိုးယူခြင်းပြုလုပ်ပါက ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့မှ စုံစမ်းပြီး ပြစ်မှုကျူးလွန်သူမည်သူမဆို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားသည်။

တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်တပ်ဖွဲ့က ဖော်ဆောင်လျှက်ရှိပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာလျက်‌ရှိ နေကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...