တနင်္သာရီတိုင်းမှာ စားနပ်ရိက္ခာသယ်ယူခွင့် စစ်ကောင်စီပိုမိုတင်းကျပ်

တနင်္သာရီတိုင်းမှာ စားနပ်ရိက္ခာသယ်ယူခွင့် စစ်ကောင်စီပိုမိုတင်းကျပ်

တိုက်ပွဲတွေ ပြင်းထန်လာတဲ့ တနင်္သာရီတိုင်းရဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီက ဆန်အပါအဝင် စား နပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ပိုမိုတင်းကျပ်လာတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး မြိတ်နဲ့ကော့သောင်းမြို့နယ်ကလွဲလို့ ကျန်တဲ့ ၈ မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီနဲ့ ပုလောအပါအဝင် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ မြို့နယ်တွေမှာပါ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် ဖြတ်တောက်မှုတွေ ပိုမိုပြုလုပ်လာတာပါ။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်လွင်ဦးက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့နယ်တွေကို စစ်ကောင်စီက အခြားမြို့နယ်တွေထက် ဆန်၊ဆီအပါအဝင် အခြေခံစားနပ်ရိက္ခာသယ်ယူခွင့် ပိုမိုကန့်သတ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အချို့မြို့နယ်တွေဆိုရင် ပိုဆိုးတယ်ဗျာ။ စစ်ရေးရယ် နှစ်ဖက်ထိတွေ့တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်နေတဲ့ မြို့နယ်တွေဆိုလို့ရှိရင် သူတို့ကကျန်တဲ့ မြို့နယ်တွေထက် ပိုကန့်သတ်ချက်တွေရှိတယ်။ ဥပမာ ကျွန် တော်တို့ လောင်းလုံးဆိုလို့ရှိရင် ဆီတွေဆန်တွေ အများကြီးသယ်လို့မရဘူး ဆိုပေမယ့်လည်း တစ် စိတ်တစ်ဒေသ သယ်လို့ရတဲ့အနေအထားမှာရှိနေတယ်။ အဲဒီတော့ကျန်တဲ့ ထားဝယ်မြို့နယ်ထဲက အရှေ့တောဘက်ဆိုရင် အလုံးစုံအကုန်လုံး ဖြတ်တာ”လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ဖြတ်လေးဖြတ်ကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေတာ မဟုတ်ဘဲ တော်လှန်ရေးအင်အားစု အားကောင်းတဲ့ မြို့နယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ မြို့ နယ်တွေကို အဓိကကန့်သတ်ထားတယ်လို့ သူကဆက်ပြောပါတယ်။

တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်သူ ကိုကျော်မင်းထိုက်က စစ်ကောင်စီ ရဲ့ စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်ချက်တွေကြောင့် ငွေကြေးရှိရင်တောင် စားစာစရာ ဝယ်ယူလို့မရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“အဓိကတော့ အခက်အခဲက အများကြီးရှိတာပေါ့။ ဒီစားနပ်ရိက္ခာ အခက်အခဲတွေ ဒီသတင်း အ ချက်အလက် အခက်အခဲပေါ့။ ဒီသတင်းအချက်အလက်က သူတို့စစ်ကြောင်းတွေ ဘာတွေ ထိုးတယ်ဆိုရင် သူတို့က ဖုန်းလိုင်းတွေဖြတ်ပစ်တယ်။ ပြီးရင် ဆိုက်ဝါးသတင်းတွေကို အများကြီးလွှင့်တယ်။ အဲဒီလိုမျိုးတွေ ကြုံရတယ်။ နောက်တစ်ခုက စစ်ရှောင်တွေ ပြည်သူတွေမှာတော့ အများကြီး ထိခိုက်တယ်။ ဒီ PDF တွေကို သူတို့က ကန့်သတ်လေ ဒီပြည်သူတွေမှာ သွားပြီးထိခိုက်တယ်။ ငွေကြေးရှိရင်တောင် စားနပ်ရိက္ခာက ဝယ်လို့မရဘူး။ အဲဒီလိုမျိုးတွေပေါ့”လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီက စားသောက်ကုန်တစ်ခုတည်း ကန့်သတ်တာမဟုတ်ဘဲ လူသုံးကုန်ပစ္စည်းတွေနဲ့ အိမ်မှာသုံးတဲ့ အိုးခွက်ပန်းကန်ကအစ အိမ် ဆောက်ပစ္စည်းတွေအထိ သယ်ယူခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တစ်ဖက်မှာလည်း ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ဒေသခံအများစုဟာ ကျန်းမာ ရေး ပြဿနာတွေကို ရွာမှာရှိတဲ့ ဆေးဝါးတွေနဲ့သာ ဖြေရှင်းနေကြပြီး ကျန်းမာရေး ချို့တဲ့သူတွေရဲ့ ဆေးဝါးတွေကိုလည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက သိမ်းဆည်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် ပုလောမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ကြောင့် ဒေသခံတွေဟာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းသွားလာဖို့အတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ စာ ရင်းအတိအကျပါမှ ရိက္ခာနဲ့ပစ္စည်းတွေ သယ်ယူခွင့်ရတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် ဒေသတွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာသလို ကုန်ပစ္စည်းသယ်ယူရာမှာလည်း စစ်ဆေးရေးလွတ်တဲ့ တောလမ်းတွေကိုသာ အဓိကထားပြီး သယ် ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အရပ်သားပြည်သူဦးရေတွေဟာလည်း မြင့်တက်လာပြီး စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ဆိုပါတယ်။

တနင်္သာရီတိုင်းရဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့အတူ ရက်ရှည်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၆၀,၀၀၀ နီးပါး ရှိတယ်လို့ သုတေ သနအဖွဲ့ဖြစ်တဲ့ FE 5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Most read this week

June 17, 2024
မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဆူပူမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့...
June 14, 2024
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက်...
June 14, 2024
နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်...
June 13, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့မေလတစ်လအတွင်း...