လုံခြုံရေး စိုးရိမ်ရသေးတာကြောင့် ဆွမ်ပရာဘွမ်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲ

လုံခြုံရေး စိုးရိမ်ရသေးတာကြောင့် ဆွမ်ပရာဘွမ်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်ပြန်လာနေထိုင်ဖို့ လုံခြုံရေးစိုးရိမ်ရသေးတာကြောင့် တောတောင်တွေမှာ ဆက်လက်တိမ်း ရှောင်နေကြတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

အခုနှစ် မတ်လ အစောပိုင်းကနေစပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲစတင်ဖြစ်ပွားတဲ့နောက်ကနေ ဒေသခံပြည်သူတွေ စတင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ KIO/KIA ပူးပေါင်းတပ်တွေကနေ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက စစ်ကကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေရှိနေပြီ ဖြစ်ပေမဲ့ ဒေသခံတွေဟာ လုံခြုံရေးအရ နေရပ်ပြန်ဖို့ စိုးရိမ်နေကြဆဲ ဖြစ်တယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"အိမ်တော့ ပြန်လို့ မရသေးဘူး။ အိမ်အချို့ ပျက်စီးသွားတာတွေလည်း ရှိတယ်။ အဲဒါတွေလည်း ပြန်လုပ်ရမှာ။ အိမ်ဘယ်လောက် ပျက်စီးသွားလည်း ဆိုတာလည်း အတိအကျ မသိရသေးဘူး။ ဘယ်အချိန် ပြန်လို့ ရမလဲလည်း မသိသေးဘူး "လို့ ဒေသခံက ပြောပါတယ်။

လက်ရှိအချိန်ဟာ ကျောင်းအပ်လက်ခံတဲ့အချိန် ဖြစ်ပေမဲ့ ထွက်ပြေးတိမ်းရှောင်နေရ တာကြောင့် ကလေးတွေရဲ့ ပညာရေးကို စိုးရိမ်မိတယ်လို့ အထက်ပါ ဒေသခံက ဆက်လက်ပြောပါတယ်။

"ကျောင်းလည်း ဖွင့်တော့ဖွင့်မယ်လို့တော့ ပြောတယ်။ ဘယ်အချိန် ကျောင်းပြန်ဖွင့်မယ်ဆိုတာ အတိအကျ မသိရဘူး။ ကျောင်းတက်မယ့် ကလေးတွေလည်း များတယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့ ဝမ်းရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်တဲ့ တောင်ယာစပါးခင်းတွေလည်း လက်ရှိကာမှာ စိုက်ပျိုးပြီးစီးရတော့မှာ ဖြစ်ပေမဲ့ စစ်ရေးအခြေအနေတွေကြောင့် အခုနှစ်မှာတော့ တောင်ယာခုတ်ထွင် ရှင်းလင်းတဲ့ အဆင့်သာရောက်ရှိနေတယ်လို့ ကြားသိရပါတယ်။

ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေ နေရပ်ကို ပြန်လာနေထိုင်ချိန် လုံခြုံစိတ်ချမှုရှိအောင် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့လည်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(K.P.F) ပြောရေးဆိုခွင့်ရှိသူ ဦးစောနွဲ့ခွန်ဆိုင်းခမ်းက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဆွမ်ပရာဘွမ် အခြေအနေကတော့ ပြည်သူတွေ နေရပ်မပြန်လာကြသေးဘူး။ စစ်ပွဲဖြစ်တဲ့အခါကျတော့ ပြည်သူလူထု ပြန်လာရင် လုံခြုံစိတ်ချမှု ရှိအောင်ပေါ့ အဲဒါတွေ အရင်ရှင်းလင်းရမယ်လို့ မြင်တယ်။ ရှင်းလင်းရေးတွေ လုပ်နေတယ်။ ပြည်သူတွေ နေလို့ထိုင်လို့ရအောင် စိတ်ချရအောင် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်"လို့ ပြောပါတယ်။

မတ်လ ၈ ရက်နေ့က ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ဒုတိယပတ်လောက်ကနေတော့ စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်းဘက်ကို ထိုးစစ်စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆွမ်ပရာဘွမ် စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်းကို စစ်ကောင်စီဘက်က‌ ကုန်လမ်းကနေ စစ်ကူအင်အား ဖြည့်တင်းတာတွေအပြင်လေကြောင်းနဲ့ပါ ပစ်ကူတဲ့ကြားကနေ မေလ ၅ ရက်နေ့ မနက်ပိုင်း ၄ နာရီကျော်လောက်မှာ KIA ပူးပေါင်းတပ်တွေကနေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ကနေ မြောက်ဘက် မိုင် ၈ဝ ခန့်ကွာဝေးတဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက ဒေသခံပြည်သူ ထောင်ချီဟာ တိုက်ပွဲအခြေအနေတွေကြောင့် နီးစပ်ရာ တောတောင်တွေဘက် ထွက်ပြေးတိမ်းရှောင် နေကြဆဲလည်း ဖြစ်ပါတယ်။

June 13, 2024
တိုက်ပွဲဖြစ်ပွားလာခဲ့ရင် တိမ်းရှောင်နိုင်ဖို့အတွက် ကံပိုင်တည်မြို့က ဒေသခံအချို့ဟာ...
June 10, 2024
မြစ်ဆုံရေကာတာကို အန္တရာယ်မရှိအောင် စီမံကိန်းရေးဆွဲထားတဲ့ အမြင့်ထက်နိမ့်ပြီး ဆောက်လုပ်သွားဖို့...
June 5, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင်းက ကျန်ရှိနေတဲ့ စစ်ကောင်စီ ၅၈ တပ်ရင်းဘက် အင်အားဖြည့်တင်းတာတွေ...
May 30, 2024
အာဏာသိမ်း စစ်ကောင်စီက စစ်တိုင်း ၈ တိုင်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ၊ ရဲတွေအပြင် မိသားစုဝင်တွေကိုပါ...