ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီးနောက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတချို့ ပြတ်တောက်

ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီးနောက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတချို့ ပြတ်တောက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က မစောတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်အပါအဝင် ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မစောတံတားဟာ မေ ၂၃ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မိုင်းခွဲခံရတာကြောင့် အရှည်ပေ ၁၀၀ ကျော်၊ အကျယ် ၂၄ ပေ ရှိတဲ့ တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားသလို တံတားဘေးကပ်ထားတဲ့ ဖုန်းလိုင်းကြိုးတွေနဲ့ အင်တာနက်ပင်မ ဖိုင်ဘာကြိုးတွေ ထိခိုက်ပျက်စီးခဲ့တာပါ။

တံတားပြိုကျပျက်စီးမှုကြောင့် လတ်တလောမှာ ဖုန်းလိုင်းအနေနဲ့ MPT ဖုန်းလိုင်း ယာယီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပြီး အင်တာနက်လိုင်းအနေနဲ့ Welink ၊ Myanmar Net အပါအဝင် အင်တာနက်လိုင်းတချို့လည်း ယာယီပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတချို့ ပြတ်တောက်နေတာကြောင့် တခြား ဖုန်းဆင်းကဒ်တွေ ဝယ်ယူအသုံးပြုနေရသလို တချို့ ကျေးရွာတွေမှာ ဖုန်းဆင်းကဒ် ဝယ်လို့မရတဲ့အတွက် ဆက်သွယ်ရေး အခက်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“MPT ဖုန်းလိုင်းက ဖုန်းရော၊ အင်တာနက်လိုင်းရော မရဘူး။ နောက်တစ်ခုက တယ်လီနောက Welink ဝိုင်ဖိုင်လည်း မရဘူး။ အခက်အခဲကတော့ ရှိတာပေါ့။ တစ်ချို့က တစ်ကဒ်ပဲသုံးတာလေ။ တစ်ကတ်ပဲ သုံး တယ်ဆိုတော့ အခုက ဒီဖုန်းလိုင်းမရတဲ့အပေါ်မှာ သက်ရောက်မှုတွေ အများကြီး ရှိတာပေါ့။ ဖုန်းဆင်းကတ်တွေ ပြေးဝယ်ရတာတို့ အခက်အခဲတွေ ကြုံတာပေါ့။ တခြားဆက်သွယ်ရန် ကိစ္စတွေလည်း အများကြီးပေါ့။ အထူးသဖြင့် တချို့ကျေးရွာတွေမှာဆို ဖုန်းဆင်းကတ်တွေ ဝယ်လို့မရတဲ့နေရာတွေဆို ပိုဆိုးတာပေါ့။အခက်အခဲ တအား ဖြစ်တာပေါ့။ ဒုက္ခရောက်တာပေါ့”လို့ ဆိုပါတယ်။

အခုဖြစ်စဉ်ကြောင့် ဆက်သွယ်ရေးကုမ္ပဏီတချို့က အင်တာနက်လိုင်း ပြတ်တောက်မှုအပေါ် ပြည်သူတွေကို အသိပေးစာတွေ ထုတ်ပြန်ထားသလို အမြန်ဆုံးအချိန်နဲ့ တပြေးညီ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ လည်း ဆိုထားပါတယ်။

မစောတံတား မိုင်းထောင်ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတချို့ ပြတ်တောက်သွားခဲ့သလို မစောတံတားဟာ လုံးဝပြိုကျပျက်စီးသွားပြီး အသုံးပြုလို့မရတော့တဲ့ အ ခြေအနေ ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။

ဘီးလင်း ဒေသခံတစ်ဦးကတော့ မစောတံတား အသုံးပြုလို့မရတော့တဲ့အတွက် ဒေါက်ရပ်နဲ့ခဲမောက်ကျေးရွာ ချင်းလမ်းပိုင်းကနေ သွားလာနေကြပေမယ့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါ တယ်။

“ဒေါက်ရပ်ရွာကဝင်ပြီးတော့ ခဲမောက်ရွာက ပတ်သွားတာပေါ့။ ခဲမောက်ရွာက ပြန်ထွက်ရင် ရွှေ ရောင်ပြရွာကို ရောက်တယ်။ ဒီကနေ ပြီးတော့ ၁၅ မိနစ် တစ်ကြောင်း လွှတ်ပေးတယ်။ ၁၅ မိနစ်ကို အစီး ၃၀ လွှတ်ပေးတယ်။ ဟိုဘက်က ၁၅ မိနစ်ပြည့်ရင် ၁၀ မိနစ်နားပြီး ဒီဘက်ကိုတစ်ခါ အစီး ၃၀ ပြန်လွှတ်တယ်။ အလှည့်ကျလမ်းကတော့ ပထမလမ်းထပ်စာရင်တော့ နည်းနည်းကျဉ်းတာပေါ့။ သူကရွာလမ်းဟာကို ရွာလမ်းဆိုပေမယ့် လမ်းဆိုးကြီးတော့မဟုတ်ဘူး၊ ကတ္တရာလမ်းပဲ။ ကုန်စည် စီးဆင်းမှုကတော့ ထိခိုက်တာပေါ့”လို့ ဆိုပါတယ်။

မစောတံတား မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် မော်လမြိုင်အပါအဝင် မြို့နယ်တချို့မှာ စိုးရိမ်ပူပန်မှုတွေကြောင့် စက်သုံးဆီတွေ အစုလိုက်အပြုံလိုက် တန်းစီဆိုင်းစောင့် ဝယ်ယူမှုတွေ ရှိနေတဲ့အတွက် ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

မစောတံတား မိုင်းထောင်ဖောက်ခွဲခံရတဲ့ ဖြစ်စဉ်အတွင်း ဆိုင်ကယ်စီးနင်းလာတဲ့ ခရီးသွားပြည်သူ ၄ ဦး တံတားအောက်ပြုတ်ကျသွားတဲ့အတွက် ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့တဲ့အတွက် လမ်းပန်း ဆက်သွယ်ရေး အခက်ကြုံနေရတာ ဖြစ်ပါတယ်။

June 17, 2024
မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဆူပူမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့...
June 14, 2024
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက်...
June 14, 2024
နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်...
June 13, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့မေလတစ်လအတွင်း...