ထိုင်း-မြန်မာနယ်စပ် ပုံပါကျင်မြို့ရှိ BP-1ဂိတ် ဖွင့်ပေးရန် ဒေသခံ တောင်းဆို

ထိုင်း-မြန်မာနယ်စပ် ပုံပါကျင်မြို့ရှိ BP-1ဂိတ် ဖွင့်ပေးရန် ဒေသခံ တောင်းဆို

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့ရှိ BP-1 နယ်စပ်ဂိတ်ကို နှစ်ဘက်အစိုးရ အနေဖြင့် ပြန်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။

BP-1 နယ်စပ်ဂိတ်သည် မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်ပြီး ပုံပါကျင်မြို့မှ ကားဖြင့်သွားပါက မိနစ် (၃၀)ခန့်သာ ကြာသည်။

လက်ရှိ ပုံပါကျင်မြို့မှ ဒေသခံများသည် ကျန်းမာရေးအတွက် ဆေးကုသမည်ဆိုပါက တာချီလိတ်မြို့သို့သာ အားကိုးသွားလာနေရကြောင်း၊ ပုံပါကျင်မြို့မှ တာချီလိတ်မြို့သို့ သွားသည့် ကားလမ်းသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကာ ဝေးလံမှုကြောင့် အခက်အခဲများစွာရှိကြောင်း ပုံပါကျင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ BP-1 ကနေ ထိုင်းဘက်ဝင်ရင် မိနစ် ၃၀ပဲ။ အခုက မိုင်းတုံ၊ မိုင်းဆတ်ကို ဖြတ်ပြီး တာချီလိတ်ကိုသွားရတယ်။ လမ်းခရီးက ၇နာရီကျော်လောက်ကြာတယ်။ လမ်းကလည်း အရမ်းဆိုးတယ်လေ။ ဒါကြောင့် BP-1 ဂိတ်ဖွင့်ရင်တော့ ထိုင်းဘက်ကို သွားရ လာရ ဆေးကုဖို့ပိုလွယ်တယ်” ဟု ဒေသခံ အမျိုးသားက ဆိုသည်။

ပုံပါကျင်မြို့မှ တာချီလိတ်မြို့သို့ ကားလမ်းခရီး (၇)ကျော်မောင်းနှင်ရပြီး၊ လိုင်းကားစီးပါက တစ်ဦးလျှင် ဘတ် (၁၀၀၀) မြန်မာငွေကာလပေါက်စျေး ကျပ်တစ်သိန်းကျော်ရှိကြောင်း သိရသည်။

“ မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင်၊ မုံးထမြို့ အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေက မတော်တဆယာဉ်တိုက်မှု ဒါမှမဟုတ် အရေးပေါ်အခြေအနေတစ်ခုခု ကြုံတွေ့ရရင် ထိုင်းဘက်ကိုသွားပြီး ဆေးကုသမှုခံယူလေ့ရှိကြတယ်။ ဂိတ်မဖွင့်တော့ တာချီလိတ်-မယ်ဆိုင်ဘက်မှတဆင့် သွားရပြီး တာချီလိတ်မြို့မှာ တစ်ညလောက်တည်းရတယ်။ အခြေအနေ အရမ်းဆိုးဝါး နေတဲ့ လူနာတွေ အတွက်တော့ အဆင်မပြေဘူး” ဟု အဆိုပါ လမ်းကို အသုံးပြုသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိမှာလည်း BP-1 နယ်စပ်ဂိတ် မဖွင့်သေးသော်လည်း BP-1 ဂိတ်နှင့်မဝေးသည့် ကျေးရွာများမှ ဒေသခံများသည် ဘတ် (၆၀၀၀)ကျော် မြန်မာကျပ်ငွေ ကာလပေါက်စျေး ၆ သိန်းကျော်ပေးပြီး တရားမဝင် ဖြတ်သန်းနေကြောင်း သိရသည်။

ထိုBP-1 နယ်စပ်ဂိတ် အနီးတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီ (RCSS/SSA) တို့ လှုပ်ရှားနေသည့် ဒေသလည်းဖြစ်ပြီး ထိုဂိတ်ကို  ၂၀၀၅-၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် မြန်မာအစိုးရက ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။ 

Most read this week

February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...
February 12, 2026
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)...
February 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့်...