ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်

ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်

ရခိုင်ပြည်၊ ဘူးသီတောင်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၅)နှင့် လက်အောက်ခံတပ်ရင်း ခမရ ၅၅၁၊ ၅၆၅ တို့ကို အာရက္ခတပ်တော်(AA)က မေလ ၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

စကခ(၁၅)ကို တစ်လခန့်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထွက်ပြေးနေသူများလည်းရှိကြောင်း သိရသည်။

“ မနေ့ကပဲ အပြီးသတ်သိမ်းပိုက်လိုက်တာပါ။ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာလည်း ရှိတယ်။ လက်နက်ချအညံ့ခံသူတွေလည်းရှိတယ်။ စစ်ကောင်စီဘက်က မွတ်ဆလင်တွေ ဝင်တိုက်တာရှိတယ်။ အဲဒီစခန်းတွေကို သိမ်းပိုက်ပြီးနောက်မှာ လေယာဉ်နဲ့ ကြိမ်ရေအများကြီး ဗုံးကြဲခဲ့ပါတယ်” ဟု မြေပြင်စစ်ရေးအခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက  ပြောသည်။    

AA သည် ဘူးသီးတောင်မြို့နယ်တွင် မတ်လနှင့် ဧပြီလအတွင်း ၅၅၂၊ ၅၆၄ တပ်ရင်းများကို သိမ်းပိုက်ခဲ့ပြီး ယခုအခါ စကစ (၁၅) တပ်မအပါအဝင် ၅၅၁၊ ၅၆၅ တပ်ရင်းတို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်အထိ အထိုင်ချထားပြီ ရခိုင်တွင် တပ်အင်အားအများဆုံး ဒေသဖြစ်သည်။

ကျန်ရှိနေသည့် ခြေမြန်တပ်ရင်း (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ခြေလျင်တပ်ရင်း(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။

ဘူးသီးတောင်ဒေသခံ အမျိုးသားတစ်ဦးက “ စကခ(၁၅)ကို သိမ်းပိုက်လိုက်ပြီဆိုတော့ နောက်ထပ်စခန်းတွေကို သိမ်းပိုက်ဖို့အတွက် ပိုပြီးလွယ်ကူသွားပြီလို့ ပြောလို့ရတယ်။ AA ကလည်း ဘူးသီးတောင်မြို့ပတ်ပတ်လည်မှာ ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေတာ။ ဘူးသီးတောင်မြို့ကို သိမ်းပိုက်ဖို့အတွက် မကြာတော့ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။

ရခိုင်တစ်ပြည်လုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

စစ်ကောင်စီကလည်း ဘူးသီးတောင်၊ မောင်တော၌ ကျန်ရှိနေသေးသော တပ်စခန်းများ မကျရှုံးစေရေးအတွက် ကြည်း၊ လေ ပူးပေါင်းကာ အပြင်းအထန် ခုခံတိုက်ခိုက်လျက် ရှိနေသည်။

တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ ဧပြီလ ၂၆ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသတွင် ည (၇) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရအမိန့်ကို AA က ထုတ်ပြန်ထားသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့သည် မောင်တောခရိုင်အပြင် အမ်းနှင့် သံတွဲမြို့နယ်များ၌ တိုက်ပွဲပြင်းထန်နေသည်။

တိုက်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...