စစ်ရှိန်မြင့်တက်နေသည့် ရခိုင်ဒေသတွင် အလုပ်လက်မဲ့ များပြားလာ

စစ်ရှိန်မြင့်တက်နေသည့် ရခိုင်ဒေသတွင် အလုပ်လက်မဲ့ များပြားလာ

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးကာ အလုပ်လက်မဲ့ဦးရေများပြားလာနေကြောင်း သိရသည်။

ယခင်ကပင် အလုပ်အကိုင်ရှားပါးသည့် ရခိုင်ဒေသတွင် တိုက်ပွဲ၏အကျိုးဆက်ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းအားလုံးနီးပါး ရပ်တန့်နေသဖြင့် အလုပ်လက်မဲ့နှုန်းမှာ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်မှ ရေလုပ်သားတစ်ဦးက “ပြည်သူတွေကို ဒုက္ခပေးချင်လို့  ပင်လယ်ပြင်မှာ ငါးမဖမ်းရဆိုပြီး တားမြစ်ထားတယ်။ ကျနော်တို့ တံငါသည်တွေကတော့ ငါးဖမ်းအလုပ် မလုပ်ရရင် ငတ်ဖို့ပဲရှိတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်ဒေသအတွင်း ပင်လယ်ပြင်ငါးဖမ်းခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး၊ ပစ်ခတ်တားဆီးမှုများကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူများမှာ အလုပ်လက်မဲ့ ဖြစ်နေကြရသည်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် လယ်ယာဥယျာဉ်ခြံမြေများတွင်လည်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ ရှိနေသည့်အပြင် ထိခိုက်သေဆုံးသူများရှိနေ၍ တောင်သူများမှာ လုပ်ငန်းခွင်သို့ မသွားရဲဖြစ်နေကြသည်။

မိုင်းအန္တရာယ်ကြောင့် ယခုနှစ်နွေစပါးစိုက်ပျိုးမှုကို ရခိုင်တစ်ပြည်လုံးနီးပါး ရပ်နားထားကြောင်း သိရသည်။

“အခု တောတောင်တွေမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေ မကြာမကြာ နင်းမိပြီး ထိခိုက်သေဆုံးတာတွေ ရှိတယ်။ အဲဒါကြောင့် တောင်သူတွေမှာ စိုက်ပျိုးရေးကို မလုပ်ရဲကြဘူး။ လာမယ့်မိုးရာသီလည်း စိုက်ပျိုးမှု တအား နည်းမယ် ထင်တယ်” ဟု မင်းပြားမြို့နယ်မှ တောင်သူ အမျိုးသားတစ်ဦးကပြောသည်။

တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီသည် ရခိုင်ဒေသနှင့် ဆက်သွယ်ထားသော လမ်းကြောင်းများကို ပိတ်ဆို့လိုက်သဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေသည့်အပြင် ရခိုင်ပြည်သူများမှာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်လည်း အဆင်မပြေဖြစ်နေကြသည်။

“အရင်က အလုပ်မရှိရင် နိုင်ငံခြားသွားပြီး အလုပ်ရှာလို့ရသေးတယ်။ အခုက လမ်းခရီးပိတ်ထားတော့ ဘယ်မှလည်း သွားလာလို့မရဘူး။ ကိုယ့်ဒေသမှာလည်း တိုက်ပွဲတွေဖြစ်နေတော့ အလုပ်မရှိပြန်ဘူး” ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီကန့်သတ်ချက်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများမှာလည်း လုပ်ငန်းများရပ်တန့်နေ၍ လူငယ်အများအပြားမှာ အလုပ်လက်မဲ့ဖြစ်နေကြသည်။

လက်ရှိတွင် AA က သိမ်းပိုက်ထားသည့် မြို့နယ်များနှင့် စစ်ရေးပြင်းထန်နေသော မြို့နယ်များတွင် ဘဏ်စနစ်များ ရပ်တန့်နေပြီး ငွေသားပြတ်လပ်မှုအတူ နိုင်ငံ့ဝန်ထမ်းများမှာ လစာမရရှိကြကြောင်း သိရသည်။

“ကျောင်းတွေပိတ်ထားတော့ အလုပ်မလုပ်ရတာ ၆ လ လောက်ရှိပြီ။ လစာလည်း မရတော့ဘူး။ အလုပ်မရှိတော့ ဝင်ငွေလည်းမရှိဘူး။ စားဝတ်နေရေးလည်း လုံးဝအဆင်မပြေတော့ဘူး” ဟု မြောက်ဦးမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ရခိုင်ပြည်သူများမှာ အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့နှုန်း များပြားနေသည့်ကြားထဲ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်သည့် ဒဏ်ကိုလည်း အလူးအလဲခံစားနေကြရသည်။

ရခိုင်တိုက်ပွဲ (၅) လကျော်အတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ရခိုင်ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုကြိုဆိုကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးကိုလည်း တာဝန်ယူကာကွယ်ပေးမည်ဖြစ်ကြောင်း အာရက္ခတပ်တော်(ULA/AA)က ထုတ်ပြန်ထားသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...