ဖမ်းဆီးခံထားရသော စစ်တွေဒေသခံ ၁၀၀ ကျော်ထဲမှ တချို့ပြန်လွတ်လာ

ဖမ်းဆီးခံထားရသော စစ်တွေဒေသခံ ၁၀၀ ကျော်ထဲမှ တချို့ပြန်လွတ်လာ
၂၀၂၂ ခုနှစ်၊ မေလအတွင်း စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းရှေ့မြင်ကွင်း။
၂၀၂၂ ခုနှစ်၊ မေလအတွင်း စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းရှေ့မြင်ကွင်း။

(ထွက်ပြေးကြစဉ် မိုင်းနင်းသေဆုံးသူများရှိပြီး မိုင်းဖိုးကို ပြန်လျော်ပေးရမည်)

ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးကြစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရသော ဒေသခံ ၁၀၀ ကျော်ထဲမှ တချို့မှာ ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။

လွတ်မြောက်လာသူထဲတွင် သာမန်အရပ်သားများအပြင် စည်ပင်ဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းများပါဝင်ပြီး စစ်ကောင်စီထံ ငွေကြေးတချို့ပေးဆောင်ပြီးမှ လွတ်မြောက်လာခြင်းဖြစ်သည်။

“ပြန်လွတ်လာတာ နှစ်ရက်ရှိပြီ။ ကျမမိသားစုဝင် နှစ်ယောက်ပါတယ်။ နှစ်ယောက်စလုံးက ဝန်ထမ်းတွေ။ ပြန်လွတ်ဖို့အတွက် တစ်ယောက်ကို ငွေနှစ်သိန်းပေးခဲ့ရတယ်” ဟု လွတ်မြောက်လာသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်တွေဒေသခံ ၂၀၀ ခန့်မှာ မြို့ပေါ်တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဧပြီလ ၂၀ ရက်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်စဉ် ကံ့ကော်ကျွန်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်တားဆီးခဲ့သည်။

ပစ်ခတ်မှုကြောင့် ကိုယ်လွတ်ရုန်းထွက်ပြေးကြရာ မိုင်းနင်းမိ၍ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိသွားကာ ဒေသခံ ၁၀၀ ကျော်မှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ပေါက်ကွဲသွားသည့် မိုင်းအတွက်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများထံမှ လျော်ကြေးငွေတောင်းခံမှုများ ရှိနေကြောင်း သိရသည်။

“ပေါက်သွားတဲ့မိုင်းတွေအတွက် အကုန်လုံးစုပေါင်းပြီး လျော်ကြေးပေးရမယ်လို့ ပြောတယ်။ တစ်လုံးကို သိန်းနှစ်ဆယ်ပေါ့။ ဒါပေမယ့် အခုပြန်လွတ်လာသူတွေ နှစ်သိန်းပေးခဲ့ရတာက ပေါက်သွားတဲ့ မိုင်းဖိုးအတွက်လား၊ ဘာအတွက်လဲတော့ သေချာမသိဘူး” ဟု ပြန်လွတ်လာသူနောက်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားသူများနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

“အဖမ်းခံထားရတဲ့အထဲမှာ ကျနော်တို့အမျိုးတွေပါတယ်။ မြောက်ဦးဘက်ကို ထွက်ပြေးကြတာ။ အခုသူတို့နဲ့ပတ်သက်လို့ ဘာမှမသိရဘူး။ ကူညီပေးဖို့ကလည်း ဘယ်လိုဆက်သွယ်ရမလဲ မသိဘူးဖြစ်နေတယ်” ဟု ဖမ်းဆီးခံထားရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

စစ်တွေနှင့် ကျောက်ဖြူမြို့အတွင်း ပိတ်မိကျန်နေသော ဒေသခံများအား ဘေးလွတ်ရာသို့ ထွက်ခွာကြရန် AA တပ်မှူးချုပ်က ပြောဆိုပြီးနောက် ဒေသခံများမှာ နည်းမျိုးစုံဖြင့် မြို့မှထွက်ခွာရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

စစ်ကောင်စီကလည်း မြို့နေပြည်သူများ ထွက်မပြေးနိုင်စေရန် စက်လှေ၊ ဘုတ်၊ သဗ္ဗာန်များအား မီးရှို့ဖျက်ဆီးခြင်း၊ ထွက်ပြေးသူများအား လိုက်ခံပစ်ခတ်ဖမ်းဆီးမှုများကို လုပ်ဆောင်လျက်ရှိသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...