ကရင်နီဟာ စစ်ပွဲဇုံဖြစ်နေတဲ့အတွက် သတင်းထောက်များအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း IEC ပြော

ကရင်နီဟာ စစ်ပွဲဇုံဖြစ်နေတဲ့အတွက် သတင်းထောက်များအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း IEC ပြော

ပြီးခဲ့တဲ့ ဧပြီ လ ၁၆ ရက်နေ့က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကနေ ကရင်နီပြည်ကို ရောက်ရှိလာကြတဲ့ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာများအပါအဝင် အလွတ်တန်းသတင်းထောက်များအတွက် လိုက်နာ ဆောင်ရွက်ရမယ့် မီဒီယာနဲ့ စပ်ဆိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် ၈ ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ညွှန်ကြားချက်ထဲမှာ ကရင်နီပြည်တွင်း ရောက်လာတဲ့ သတင်းသမားတွေကို သက်ဆိုင်ရာ သတင်းဌာနရဲ့ ထောက်ခံစာနဲ့ တကွ IEC ထံ အကြောင်းကြားရန် နှင့် ကရင်နီပြည်၏ စစ်ဆင်ရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စကို ထိခိုက်စေသည့်လုပ်ရပ်အပြင် တော်လှန်ရေးကာလမှာ တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အားပေးအားမြှောက် ဖြစ်စေသည့် လုပ်ရပ်များကို တားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်တာဟာ စစ်ဇုံဖြစ်နေတဲ့ကရင်နီပြည်မှာ လုံခြုံရေးနဲ့ပါတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ ထုတ်ပြန်ရတာဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားထားပါတယ်။

“သေချာတယ် သတင်းယူဖို့ကအရေးကြီးတယ်။ သတင်းယူချင်တိုင်းယူ ထွက်ချင်တိုင်းထွက် ဝင်ချင်တိုင်းဝင်ရအောင်လည်း နိုင်ငံတကာမှာ မရှိဘူးပေါ့လေနော်။ နိုင်ငံတကာသွားရင်တောင်မှ  ဗီဇာလျှောက်ပြီးသွားရတာပေါ့နော်။ ဗီဇာတောင်မှ ငါဘာကိစ္စနဲ့သွားလဲ အလည်လား သတင်းလား သတင်းထောက်လား အဲ့ဒီမှတ်ချက်တွေပါတာပေါ့လေနော်။ အဲ့ဒီမှတ်ချက် ဗီဇာနဲ့ နိုင်ငံတကာကို ထွက်လို့ရတယ်။ အဲ့ဒီ စစ်ဇုန်ဖြစ်ပြီဆိုရင် စစ်ပွဲဖြစ်တဲ့ ဧရိယာထဲကို သွားမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး‌တော့ သွားသင့်တဲ့ နေရာလောက်ပဲ သူတို့ပေးသွားတာပေါ့နော်။ အဲ့ဒီဟာကအရမ်းအရေးကြီးတယ်။” လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

ဒါ့အပြင် ကရင်နီပြည်မှာ သတင်းမီဒီယာတွေအနေနဲ့ သတင်းရယူမှုနဲ့ပတ်သက်ပြီး IEC သော်လည်းကောင်း၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့သော်လည်းကောင်း တာဝန်ယူဖြေရှင်းရတဲ့အပိုင်းရှိနေတယ်လို့လည်း ဦးဗညားကပြောပါတယ်။

“အကြီးဆုံးပြသနာတစ်ခုက‌တော့ သတင်းမီဒီယာတချို့ကနေပြီးတော့ ရှေ့တန်းပေါ့နော် စိတ်ကြိုက်လုပ်ချင်ရာလုပ် ဟိုလူနာမည်ပြော ဒီလူနာမည်ပြောပြီး  လုပ်ချင်သလိုလုပ်ပေါ့နော်။ အဲ့ဒီလိုလုပ်တာ တပ်ပိုင်းဆိုင်ရာမှာလည်း ခေါင်းစားရတဲ့ဟာတွေအများကြီးရှိတယ်။ဒါကလည်း ကျနော်တို့ မကြာခဏကြုံတွေ့တဲ့ ဟာတွေလည်း ရှိတယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့ ဥက္ကဌဖြစ်တဲ့ နန်းဖော့ဂေကတော့ IEC ကထုတ်ပြန်လိုက်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက် ဟာ သတင်းသမားတွေရဲ့ လွတ်လပ်စွာ သတင်းရယူခွင့် ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

“လွတ်လပ်စွာ သတင်းရယူခွင့်ကိုတော့ စိန်ခေါ်မှုတွေ အနည်းငယ်ရှိစေသွားတယ်။ အထူးသဖြင့် နဂိုမူလက ကရင်နီဒေသမှာ အခြေပြုပြီး သတင်းထုတ်လုပ်မှုတွေ လုပ်ဆောင်နေတဲ့ လွတ်လပ်တဲ့သတင်းဌာနတွေ၊ သတင်းထောက်တွေနဲ့ ကရင်နီဒေသအခြေအနေကို သတင်းဖော်ပြ တင်ဆက်ချင်တဲ့ ကျင့်ဝတ်နဲ့အညီလုပ်နေတဲ့ သတင်းသမားတွေအတွက် တွန့်ဆုတ်မှုတွေ ဖြစ်သွားစေနိုင်တယ်။”လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့ ဥက္ကဌဖြစ်တဲ့ နန်းဖော့ဂေ ကပြောပါတယ်။

မီဒီယာကျင့်ဝတ် ဟာ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ မီဒီယာကောင်စီကသာ ထုတ်ပြန်ရမယ့် တာဝန်ရှိတယ်လို့ နန့်ဖောဂေ က ဆိုပါတယ်။ ဒါ့အပြင်  လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအရ သတင်းသမားတွေဟာ သတင်းသမားယူနီဖောင်း၊ ဝန်ထမ်းကဒ်တွေကို ထုတ်ဖော်ပြတဲ့နေရာမှာ လုံခြုံမှုမရှိနိုင်ဘူးလို့ ဆိုထားပါတယ်။

ကရင်နီပြည်ရဲ့ မြေပြင်မှာ သတင်းရယူနေသူတစ်ဦးကတော့ “လက်ရှိအခြေအနေနဲ့ဆိုရင် လုံခြုံရေးကို အဓိက ဦးစားပေးတယ်ပေါ့နော။ ကိုယ့်သဘောနဲ့ကိုယ် သတင်းယူတာမရှိဘူး အမြဲတမ်း သက်ဆိုင်ရာကို ခွင့်တောင်းလေ့ရှိတယ်။ သတင်းတစ်ပုဒ်ကို ရေးလိုက်ခြင်းအားဖြင့် သူ့ရဲ့နောက်ဆက်တွဲ ဘာဖြစ်လာနိုင်သလဲဆိုတာကအစ စဉ်းစားတယ် သုံးသပ်တယ်  ဆင်ခြင်တယ်ပေါ့နော။ IEC ကနေ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကို အာဏာသုံးပြီး ပိတ်ပင်လိုက်တယ်လို့ ချုပ်နှောင်လိုက်တယ်လို့ မြင်တယ်ပေါ့နော။” လို့ သူ့ရဲ့ သဘောထားအမြင်ကို ပြောပါတယ်။

ဒါ့အပြင် IECရဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက် နံပါတ် ၅ မှာ  “ကရင်နီပြည်၏ စစ်ဆင်ရေးကိစ္စနှင့် အုပ်ချုပ်ရေးကိစ္စကို ထိခိုက်စေသည့်လုပ်ရပ်နှင့် တော်လှန်ရေးကာလတွင်  တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အားပေးအားမြှောက် ဖြစ်စေသည့် လုပ်ရပ်များကို တားမြစ်သည်။” လို့ ဆိုထားပေမဲ့လည်း သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်တာမဟုတ်ဘူးလို့ ဦးဗညားကပြောပါတယ်။

“Freedom of Expression(လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) က ရှိသင့်တယ်လို့ယူဆတယ်။ တခြားတစ်ဖက်မှာလည်း Freedom of Expression က လူထု၊ ဒေသ သို့မဟုတ် ဘာသာရေး၊ လူမျိုးရေးအပေါ် မှာ ထိခိုက်မှုရှိမယ်ဆိုရင်တော့ ကန့်သတ်လို့ရတဲ့ဟာလည်း ရှိပါတယ်။ အဲ့တော့ ဒီထုတ်ပြန်ချက်က ကန့်သတ်ဖို့တော့မဟုတ်ဘူး သို့ပေမဲ့လည်း စနစ်တကျ အတူတကွ ဒီတော်လှန်ရေးကြီးမှာ ထိရောက်မှု အားကောင်းတဲ့ သတင်းမီဒီယာကို ဘယ်လိုမျိုး အကောင်အထည်ဖော်ကြမယ် ဒီလိုမျိုးအဆင့်ကို မလုပ်ဘူးဆိုရင် ဒီထက်ခက်ခဲနိုင်တဲ့ဟာကို ကြုံတွေ့နိုင်တဲ့ဟာ ရှိပါတယ်။” လို့ ဦးဗညားကပြောပါတယ်။

လက်ရှိမှာတော့  စစ်ရေးစစ်ရာ အပါအဝင်  ပဋိပက္ခနယ်မြေတိုင်းမှာ သတင်းသမားအတွက် လုံခြုံရေးက အဓိက ဦးစားပေး စဉ်းစားလုပ်ဆောင်ရမဲ့အချက်ဖြစ်ပြီး  အခုလို အချိန်အခါ၊ အခင်းအကျင်းပုံစံမျိုးက ပိုသတိထားရမှာဖြစ်သလို ဒီအပေါ်မှာ ခွင့်ပြုချက်ယူတာ၊ အသိပေး အကြောင်းကြားမှုကတော့ ကြိုတင်လုပ်ဆောင်ထားရင် ဖြစ်လာနိုင်တဲ့ လုံခြုံရေးဆိုင်ရာ အန္တရာယ်ကို ကာကွယ်ထားရာ ရောက်တယ်လို့ IPCM ဥက္ကဌ နန်းဖောဂေက သုံးသပ်ပြောဆိုပါတယ်။ သို့ပေမဲ့ သတင်းမီဒီယာ ယူနီဖောင်း နဲ့ ဝန်ထမ်းကဒ် ထုတ်ဖော်ပြသမှုဟာ အဖက်ဖက်က ကြည့်ရင် လုံခြုံမှုမရှိသလို သတင်းလွတ်လပ်ခွင့်ကိုလည်း ထိခိုက်စေနိုင်တဲ့ ကန့်သတ်ချက်မျိုး ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

တော်လှန်ရေးနယ်မြေမှာ သတင်းရယူမယ့် သတင်းမီဒီယာတွေအနေနဲ့ တော်လှန်ရေးနယ်မြေရဲ့ အနေအထား၊ သတင်းရယူခွင့် စည်းမျဉ်းစည်းကမ်းကို လေ့လာထားဖို့ လိုအပ်ပြီး သက်ဆိုင်ရာ သတင်းဌာနတွေရဲ့ တာဝန်ရှိသူတွေကနေ ကွင်းဆင်းသတင်းရယူမှုအတွက် သက်ဆိုင်ရာ ဒေသအခြေစိုက် တာဝန်ရှိသူတွေ အဖွဲ့အစည်းတွေဆီကို ကြိုတင်ဆက်သွယ်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“အကယ်၍ အလွတ်တန်း သတင်းထောက်ဆိုရင်တော့ မိမိသတင်းပေးပို့တဲ့ သတင်းမီဒီယာက တာဝန်ရှိသူတစ် ဦးဦးရဲ့ ထောက်ခံပေးမှုဖြစ်စေ၊ IPCM အဖွဲ့ဝင် အလွတ်တန်းသတင်းထောက်ဆိုရင်တော့ မီဒီယာကောင်စီက ထောက်ခံ ပေးမှုတွေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးနယ်မြေက ပြန်ကြားရေးတာဝန်ခံများကို ဆက်သွယ်လုပ်ဆောင်ပြီး သတင်း ရယူသင့်ပါတယ်။ ဒါမှသာ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို ညှိနှိုင်းအဖြေရှာလို့ရမှာဖြစ်ပြီး မီဒီယာနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ရေရှည်ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”လို့ နန်းဖောဂေ က ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC  ကထုတ်ပြန်လိုက်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁)  ကရင်နီပြည်အတွင်းသို့ သတင်းရယူရန် ရောက်ရှိလာကြသည့် မည်သည့်သတင်းမီဒီယာဌာနမဆို သက်ဆိုင်ရာသတင်းဌာန၏ ထောက်ခံစာနှင့်အတူ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ သို့ အသိပေးအကြောင်းကြားရန်၊

၂) နေထိုင်ခွင့်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မြို့နယ် အုပ်ချုပ်ရေးများသို့ အသိပေးအကြောင်းကြားရန်၊

၃)  မီဒီယာလုံခြုံရေးအတွက် သတင်းသွားရောက်ရယူလိုသည့်နေရာကို သက်ဆိုင်ရာ တပ်မှူးတပ်ဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် သွားလာရန်၊

၄)  မြေပြင်သို့ သတင်းသွားရောက်ရယူသည့်အချိန်တွင် သက်ဆိုင်ရာ သတင်းမီဒီယာများ၏ ယူနီဖောင်းကို ဝတ်ဆင်ရန်နှင့် ဝန်ထမ်းကတ်ပြသ၍ သတင်းရယူခွင့်တောင်းခံရမည်။

၅)  ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် သတင်းမီဒီယာကို ထိန်းချုပ်မည် မဟုတ်ကြောင်း နှင့် မည်သည့်သတင်းဌာနမဆို လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ရှိသည်။ သို့သော် ကရင်နီပြည်၏ စစ်ဆင်ရေးကိစ္စနှင့် အုပ်ချုပ်ရေးကိစ္စကို ထိခိုက်စေသည့်လုပ်ရပ်နှင့် တော်လှန်ရေးကာလတွင်  တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အားပေးအားမြှောက် ဖြစ်စေသည့် လုပ်ရပ်များကို တားမြစ်သည်။

၆)   တော်လှန်ရေးနယ်မြေ ဖြစ်သည့်အလျောက် မီဒီယာကျင့်ဝတ်ထက် ကျော်လွန်သည့် လုပ်ဆောင်ချက်များရှိခဲ့သော် သက်ဆိုင်ရာ သတင်းမီဒီယာဌာနတို့သည် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ခေါ်ယူပြီး စေ့စပ်ညှိနှိုင်းမှုတစ်ရပ်ကို ခံယူရမည်ဖြစ်သည်။

၇)  ကရင်နီပြည်အတွင်းရှိ လူမျိုးစု၊ မျိုးနွယ်စုများ၏ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရန်၊

၈) ကရင်နီပြည်အတွင်းသို့ ရောက်ရှိလာကြသော ပြည်တွင်းပြည်ပမှ သတင်းထောက်များအပါအဝင် အလွတ်တန်းသတင်းထောက်များသည် ဤမီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်များကို လေးစားလိုက်နာခြင်း မရှိပါက သတင်းရယူခွင့်ကို ပိတ်ပင်တားမြစ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

Most read this week

May 2, 2024
ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကစပြီး ကရင်နီ – ရှမ်းပြည်နယ်စပ်က  မိုးဗြဲမြို့အနီးရှိ  ခမရ...
April 30, 2024
“အိမ်မရှိတော့တောင် ကျန်တဲ့ မြေပေါ် တဲထိုးပြီးနေမယ်။" လို့ ပြောဆိုလာသူကတော့ မျက်ဝန်းမှာ...
April 29, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံ အဖြစ် ထိန်းသိမ်းခံထားရတဲ့...
ဧပြီလ ၂၄ ရက်နေ့ လွိုင်ကော်မြို့ ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးပြုလုပ်နေစဥ်။
April 26, 2024
၁၁၁၁ စစ်ဆင်နောက်ပိုင်း မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေတဲ့ ကရင်နီပြည်ရဲ့...