မာန်အောင်မြို့နယ်က အိမ်ခြေ ၄၀၀ ခန့်ကို တစ်ပတ်အတွင်းပြောင်းရွှေ့ရန် စစ်ကောင်စီ ဖိအားပေး

မာန်အောင်မြို့နယ်က အိမ်ခြေ ၄၀၀ ခန့်ကို တစ်ပတ်အတွင်းပြောင်းရွှေ့ရန် စစ်ကောင်စီ ဖိအားပေး
ဓာတ်ပုံ - ပေးပို့
ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာရှိ ငှက်ပျောတောနှင့် အနောက်ပါးရပ်ကွက်တို့မှ နေအိမ် ၄၀၀ ခန့်ကို ဧပြီလ ၂၅ ရက်နေ့တွင် နောက်ဆုံးထားပြီး နေရာပြောင်းရွေ့ပေးရန် စစ်ကောင်စီက အသိပေးပြောဆိုလာကြောင်း သိရသည်။

ပြင်ကောက်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင် ၂၀ ခန့်သည် ယနေ့ ဧပြီ ၁၈ ရက်၊ နံနက်ပိုင်းတွင် သစ်ပုံကျေးရွာသို့ လာရောက်သတိပေးလာခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီနေ့ကစပြီး ပြောင်းရွှေ့ပေးရမယ်လို့ ပြောတယ်။ AA ကို ထောက်ပံ့နေတဲ့ ရွာတွေဆိုပြီး နေပြည်တော်က သတင်းရထားတဲ့အတွက် အခုလို ဒဏ်ခတ်တာလို့ ပြောတယ်” ဟု သူက ပြောသည်။

ဒေသခံနောက်တစ်ဦးက “အုပ်ချုပ်ရေးမှူးကို ရွာမှာရှိတဲ့ ရဲစခန်းဆီ ခေါ်တယ်။ ပြီးရင် အဲဒီနှစ်ရပ်ကွက်ကို ဖယ်ပေးဖို့ ညွှန်ကြားလို့ အုပ်ချုပ်ရေးမှူးက ရွာသားတွေကိုပြောလာတာ။ ဒီနေ့ကစပြီး အိမ်ခြေနှစ်ဆယ် ပြောင်းပေးရတော့မှာ။ တဖြည်းဖြည်း ပြောင်းပေးရမယ်‌ ပြောတယ်” ဟု ပြောသည်။

အိမ်ခြေ ၈၀၀ နီးပါးရှိသည့် သစ်ပုံကျေးရွာတွင် ငှက်ပျောတော၊ ကွမ်းသီးတော၊ ပလင်တော၊ အနောက်ပါးဟူ၍ ရပ်ကွက် ၄ ခုရှိပြီး ယင်းအထဲမှ ငှက်ပျောတောမှ အိမ်ခြေ ၂၄၀ ခန့်နှင့် အနောက်ပါးမှ အိမ်ခြေ ၁၄၀ ခန့်ကို စစ်ကောင်စီက ပြောင်းရွှေ့ပေးရန် အသိပေးလာခြင်းဖြစ်သည်။

အဆိုပါရပ်ကွက်နှစ်ခုမှ အိမ်ခြေ ၄၀၀ ခန့်ကို သစ်ပုံကျေးရွာ၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည့် ပန်းခြံရွာနှင့် ဖက်ယားကျေးရွာသို့ ပြောင်းပေးရမည်ဟု စစ်ကောင်စီတပ်က ပြောဆိုခဲ့သည်ဟု သိရသည်။

“ရွာကလူတွေ ငိုနေကြပြီ။ အကုန်လုံး ဒုက္ခရောက်ကုန်ပြီ။ အခုတော့ ရွာက ဆရာတော်ကြီးက ဌာနဆိုင်ရာကို တောင်းပန်ဖို့ သွားနေတယ်။ ပြောင်းပေးရမယ့်နေရာက အရမ်းခေါင်တယ်။ အလုပ်အကိုင်ရှားတာ၊ ရေရှားတာတွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူး” ဟု နေအိမ်ပြောင်းရွှေ့ပေးရမည့် သစ်ပုံကျေးရွာသားတစ်ဦးက ပြောသည်။

ယင်းအပြင် သစ်ပုံကျေးရွာရှိ အိမ်ထောင်စုစာရင်းများကိုလည်း စစ်ဆေးမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းအတိုင်း လူဦးရေကိုအတိအကျမပြဘဲ ချန်လှပ်ထားခဲ့ပါက ယင်းသို့ချန်လှပ်ခံရသူကို ဝရမ်းပြေးအဖြစ် သတ်မှတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

သစ်ပုံကျေးရွာသားများသည် လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းတို့ကို အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း နေကြသူများဖြစ်ကြသည်။ ပြီးခဲ့သည့် ဧပြီလ ၇ ရက်ကလည်း သစ်ပုံကျေးရွာသို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ဒေသခံများအား AA နှင့်မပတ်သက်ကြရန် ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးသွားလာမှုများ ဆက်တိုက်ရှိနေပြီး စစ်မှုထမ်းရန်အတွက် တစ်ရွာဝင်တစ်ရွာထွက် ခြိမ်းခြောက်စည်းရုံးလျက်ရှိသည်။

July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...