ပြာပုံထဲက နိုးကြားလာတဲ့ ဟင်္သာမျိုးစိတ်တွေရဲ့ တော်လှန်သံ

ပြာပုံထဲက နိုးကြားလာတဲ့ ဟင်္သာမျိုးစိတ်တွေရဲ့ တော်လှန်သံ

စစ်အာဏာသိမ်းမှုအတွင်း အေးရာအေးကြောင်း နေထိုင်လာခဲ့ကြတဲ့ မွန်လူထုအများစုဟာ ဂျိုင်းမြစ်တောင်ဘက် မြစ်ကမ်းနဘေးမှာရှိတဲ့ ဓမ္မသရွာ မီးလောင်ပြာကျခဲ့ရချိန်မှာတော့ ဟင်္သာမျိုးစိတ်တွေရဲ့ တော်လှန်သံတွေ နိုးကြားတက်ကြွလာကြပါတယ်။

တပ်မတော်နေ့လို့ မြန်မာစစ်တပ်က နှစ်ပေါင်း ၇၀ ကျော် ခေါ်ဝေါသုံးစွဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေး နေ့မှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ဒေသက မွန်လူထုတွေနေထိုင်တဲ့ ဓမ္မသရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ မီးလောင်တိုက်သွင်းခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ အချက်အလက်အရ မတ် ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဓမ္မသရွာကို ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေကနေ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရတာပါ။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ပုန်ကန်နေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ဓမ္မသဖြစ်စဉ်အပေါ် မွန်လူထုတွေကြား စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရေးသဘော ထားတွေ ပြောင်းလဲလာတာတွေ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလို ဓမ္မသဖြစ်စဉ်ကြောင့် ကျွန်တော်တို့ မွန်လူမျိုးတွေကြားမှာ စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေး သဘောထားတွေ အတော်လေး ပြောင်းလဲလာတာ တွေ့ရတယ်။ အရင်ကဆိုလို့ရှိရင် ကိုယ့်လူမျိုးနဲ့ မဆိုင်ဘူး။ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အမြင်ကနေပြီး လူသားချင်းစာနာတဲ့ သနားကြင်နာတဲ့ စိတ်ဓာတ်ကနေပြီးတော့ ဒေါသဘက်ကို ပြောင်းလဲပြီး တော်လှန်ရေးဘက်ကို ယိမ်းယိုင်လာတာ အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူမျိုးတစ်မျိုးသားလုံး အတိုင်းအတာအခြေအနေနဲ့တော့ မရှိသေးပါဘူး”လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ နိုင်ငံ့ခေါင်း ဆောင်တွေကို ဖမ်းဆီးပြီး နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့အရယူဖို့ ကြိုးပမ်းခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်အပေါ် မွန်လူထုအများစုက ဗမာ-ဗမာချင်းဖြစ်တဲ့ပြဿနာလို့ ရှုမြင်ခဲ့ကြတာပါ။

တစ်ဘက်မှာ မွန်လူထုတွေအပေါ် ဩဇာကြီးမားတဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီကလည်း စစ်အာဏာသိမ်းမှုအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးဆွေးအဖြေရှာဖို့ ရပ်တည်ခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ပြည်တွင်းပြည်ပရှိ မွန်လူထုအများစုဟာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ မပေါက်ဖွားလာဘဲ မိမိတို့ ဒေသတွေမှာ အမျိုးသားရေး၊ သာသနာရေး၊ ကုသိုလ်ရေးတွေနဲ့ အေးချမ်းစွာနေလာခဲ့ကြတာပါ။

ဒါပေမယ့် လက်နက်ကိုင်တော်လှန်မှုတွေမရှိတဲ့ ဓမ္မသရွာကို စစ်ကောင်စီတပ်ကနေ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုဟာ မီးပုံပြာအတိဖြစ်သွားခဲ့ရတဲ့ ဒေသခံတွေသာမက မွန်လူထုတွေရဲ့ အသည်းနှလုံးကို ကူးစက်လောင်ကျွမ်းစေခဲ့ပါတယ်။

ဓမ္မသရွာ မီးလောင်တာဟာ ငါတို့ရွာမီးလောင်တာနဲ့ အတူတူပဲဆိုတဲ့ ပြည်တွင်းပြည်ပက မွန်လူထုတွေရဲ့ နားကျည်းခံပြင်းမှုတွေဟာ စစ်အာဏာသိမ်းမှု သုံးနှစ်တာအတွင်း ရှုမြင်ခဲ့ကြတဲ့ သဘော ထားတွေ ပြောင်းလဲလာသလို တော်လှန်ပုန်ကန်ရမယ်ဆိုတဲ့ စစ်ရေးအသိတွေလည်း ဝင်လာခဲ့ကြတာပါ။

မွန်ဒေသခံ အမျိုးသမီးတစ်ဦးက မွန်ပြည်သူ အတော်များများက စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို ပိုပြောလာကြသလို လူငယ်တွေကလည်း စစ်တပ်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေ စစ်ရေးအသိသတိတွေ ပိုရှိလာကြတယ် လို့ ပြောပါတယ်။

“ဓမ္မသရွာမီးလောင်ပြီးနောက်ပိုင်းမှာ ရပ်ကွက်ကျေးရွာတွေအတွင်း မွန်ပြည်သူတွေ တော်တော်များများ လေသံပြောင်းလာတာတွေ့တယ်။ ဗမာစစ်တပ်လို့ခေါ်ကြတဲ့ စစ်ကောင်စီဟာ ဘယ် လောက်အထိ ရက်စက်တယ်ဆိုတာကို ပြောလာကြတယ်။ ရေးဘက်မှာဆို အထူးသဖြင့် လူကြီးတွေက အိမ်မီးရှို့ခံရမှာတို့ စစ်ပွဲတွေ ဖြစ်လာမှာတို့ ကြောက်တယ်ဆိုတဲ့ ပြောဆိုမှုအပေါ် လူငယ်တွေကကြောက်ရင် မွန်တော်လှန်ရေးတပ်ထဲဝင်ပြီး စစ်တပ်ဆန့်ကျင်ရေးတိုက်ခိုက်မှုတွေလုပ်ဖို့ ပြောလာတာမျိုးရှိတယ်။ သေချာတာတစ်ခုက စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကို ပိုပြောလာကြတယ်။ စစ်ရေးအသိ၊ စစ်ရေးသတိတွေ ပိုရှိလာကြတယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီကိုဆန့်ကျင်လို့ ဒီလိုမျိုးလုပ်တာဆိုတဲ့ အမြင်သဘောထားတချို့လည်း ဆက်ရှိနေသေးပြီး စစ်ပွဲတွေ ကိုယ့်ရွာကိုယ့်ဒေသဆီ ကူးစက်လာမယ်ဆိုရင် နည်းစနစ်ကျကျ ကြိုတင်ပြင်ဆင်နိုင်မှု အသိတွေရှိမနေဘူးလို့ သူကပြောပြပါတယ်။

မွန်တော်လှန်ရေးတက်ကြွသူတွေကတော့ ဓမ္မသရွာဖြစ်စဉ်လိုမျိုး နောက်ထပ် မွန်ကျေးရွာတွေမှာ အလားတူ မဖြစ်ရအောင် စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ ရပ်ကွက်ကျေးရွာတွေ မြို့တွေမှာ ကြိုတင်ပြင်ဆင်ထားကြဖို့ အသိပေးတာတွေလည်း ရှိနေပါတယ်။

တစ်ဘက်မှာ တော်လှန်ရေးအားကောင်းတဲ့ အညာနဲ့ တိုင်းရင်းသားဒေသတွေမှာ ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ နေအိမ်မီးရှို့တာတွေလည်း ရှိနေတဲ့အတွက် တန်ပြန်နိုင်မယ့် လက်နက်တွေ စစ်အင်အားတွေ ဖြည့်တင်းဖို့ တိုက်တွန်းနှိုးဆော်တာလည်း ရှိနေပြန်ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ မွန်အမျိုးသမီးတစ်ဦးက ဓမ္မသရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အာဏာရှင်ကို ပြန်ချေမှုန်းဖို့ အသံတွေ ထွက်လာကြတာဟာ တော်လှန်ရေးအတွက် အင်အားဖြစ်စေတယ်လို့ ပြောပါတယ်။

“တော်လှန်ရေးအမြင်သဘောထားတွေက လူငယ်တွေကြားမှာရော အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကြားမှာရော စစ်အာဏာရှင်ကို ပြန်ပြီးချေမှုန်းဖို့ အသံတွေ ထွက်လာကြတယ်။ အရင်တုန်းကဆိုရင် သူတို့ရင်ထဲမှာ ဖိနှိပ်ခြင်းတွေရှိတယ်။ ဒါပေမယ့် မွန်လူမျိုးစုတစ်စုလုံးအတွက် ညီညီညာညာ အသံမထွက်လာဘူး။ အခု (ဓမ္မသ ) ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသံတွေထွက်လာတယ်။ လူမျိုးစုတွေ လူငယ်တွေကြားတင်မဟုတ်ဘဲ မွန် Celebrities ပြောပြော အားလုံးမဟုတ်သေးဘူး။ အဲဒီလိုမျိုး ထွက်လာတာကြည့်ရင် တော်လှန်ရေးအတွက် အင်အားတစ်ခု ဖြစ်စေတယ်”လို့ ဆိုပါတယ်။

ကော့ဘိန်းရဲစခန်း သိမ်းပိုက်ခံရချိန်ကစပြီး စစ်ကောင်စီတပ်ဟာ ဂျိုင်းမြစ်တောင်ဘက် ရမ္မာဝတီကားလမ်းပေါ် မှာရှိတဲ့ တရနာကျေးရွာအနီးတဝိုက်မှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း တပ်စွဲထားသလို မြစ်တွင်းမှာလည်း စစ်သင်္ဘောနှစ်စင်း တပ်ချထားတာပါ။

တစ်ဘက်မှာ စစ်ကောင်ရဲ့ ကြည်း၊ရေ၊လေ ပစ်ခတ်မှုကြောင့် ကော့ဘိန်းအနီးတဝိုက်ရှိ ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူသားချင်းစာနာမှု အကူအညီ‌ပေးရေး လမ်းကြောင်းတချို့ ကိုလည်း အရှေ့‌တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့အမိန့်နဲ့ ကန့်သတ်ထားပါတယ်။

ဒါပေမယ့် ပြည်တွင်းပြည်ပရှိ မွန်လူထုတွေရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက တော့ ရတဲ့နည်းလမ်းတွေကတဆင့် ဂျိုင်းမြစ်ဒေသတွင်းက မီးဘေးသင့် စစ်ဘေးရှောင် ပြည်သူတွေ တိမ်းရှောင်ကြတဲ့ နေရာတွေဆီ အရောက်ပို့ဖို့ ကြိုးပမ်းနေကြတာပါ။

လူသားချင်းစာနာမှုအကူအညီနဲ့ ပတ်သက်ပြီး ထိုင်းဘောလုံးအသင်း လက်ရွေးစင်ကစားသမား မွန်လူမျိုးဖြစ်တဲ့ Eric Pongsakorn ဟာ မီးလောင်ပျက်စီးသွားတဲ့ ဓမ္မသရွာကို ကူညီထောက်ပံ့မှုတွေပေးနိုင်ဖို့ သူဝတ်ဆင်ခဲ့တဲ့ အသင်းအင်္ကျီကို ဘတ်ငွေ ၃၆၅၀၀ နဲ့ လေးလံတင် ရောင်းချခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

နိုင်နဂါးက “(ဓမ္မသရွာမီးလောင်မှု) ဒီဖြစ်စဉ်ကြောင့် မွန်လူငယ်တွေ အတော်လေးကို နိုးကြားလာမှု ရှိတယ်။ တော်လှန်ရေးဘက်ကို ပါဝင်ပူးပေါင်းပြီးတော့ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ဖို့ ဝင်လာကြတာ အများကြီးရှိ တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အရှုံးထဲကအမြတ်လို့ မှတ်ချက်ပြုလိုပါတယ် ခင်ဗျ”လို့ ပြောပါတယ်။

ဒါ့အပြင် မွန်လူမျိုးတွေရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဘက်ကို အသွင်ကူးပြောင်းနိုင်ခဲ့ရင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဟာ အမြန်ပြီးဆုံးသွားနိုင်မယ့် အခွင့်အလမ်းအများကြီးရှိတယ်လို့ နိုင်နဂါးက ထောက်ပြပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ကတော့ မွန်လူမျိုး‌တွေအနေနဲ့ ဝမ်း နည်းပူဆွေးနာကျည်းမှုကို ခွန်အားအဖြစ်ပြောင်းလဲပြီး စုပေါင်းအင်အားနဲ့ စစ်ကောင်စီကို တိုက် ခိုက်ချေမှုန်းနိုင်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း အသိပေးထားပါတယ်။

May 8, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေ...
May 7, 2024
စစ်ကောင်စီတပ်ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး...
May 7, 2024
မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်ထံ စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီး...
May 6, 2024
မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက်...