ကရင်နီဒေသ စစ်ရှောင်နှင့်ဒေသခံများ ရေရှားပါးမှု ဆိုးဝါးစွာတွေ့ကြုံနေရ

ကရင်နီဒေသ စစ်ရှောင်နှင့်ဒေသခံများ ရေရှားပါးမှု ဆိုးဝါးစွာတွေ့ကြုံနေရ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်တို့တွင် ယခုနွေရာသီကာလ တစ်နေ့ထက်တစ်နေ့ အပူချိန်ပိုမိုပြင်းထန်လာသည့်အကြား ရေရှားပါးမှုပြဿနာ ဆိုးဝါးစွာတွေ့ကြုံနေရကြောင်း ဒေသတွင်းနေထိုင်သူများနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။

အဆိုပါမြို့နယ်များသည် ပြည်နယ်အတွင်း ရေရှားပါးမှုဒဏ်အများဆုံး ရင်ဆိုင်နေရသော မြို့နယ်များလည်းဖြစ်သလို နွေနေအရှိန်ပူပြင်းလာသည့် ကာလတွင် ဖရူဆိုရှိ ရေထွက်ပေါက်များ ရေခမ်းခြောက်ကုန်သဖြင့် သောက်သုံးရေအတွက် အလှူရှင်သာမျှော်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။

“ဖရူဆိုမှာဆို ရေထွက်ပေါက်တောင် ရေမရှိဘူး။ ရေချိုးဖို့နေနေသာသာ သောက်သုံးရေနဲ့အိုးခွက်ပန်းကန်ဆေးဖို့တောင် ရေလာလှူတဲ့သူတွေကို တစ်မျှော်မျှော်ဖြစ်နေရတယ်။ အခုရာသီက စစ်ရှောင်တင်မကဘူး။ သူတို့ကိုခိုလှုံခွင့်ပေးထားတဲ့ဒေသခံတွေပါ ဒုက္ခရောက်နေကြတာ ရေလာလှူတဲ့အလှူရှင်ဆိုရင်လည်း စစ်ရှောင်ကိုပဲအဓိက လှူတာဆိုတော့ ဒေသခံတွေအခက်အခဲတွေ့တာပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ရေရောင်းဝယ်ရေးမှာလည်း ဈေးကွက်တစ်ခုကဲ့သို့ဖြစ်နေပြီး သယ်ယူပို့ဆောင်ရမည့် ခရီးအနီးအဝေးပေါ်မူတည်၍ ရေဂါလံတစ်ထောင်လျှင် ကျပ်ငွေ (၄၀,၀၀၀) မှ (၆၀,၀၀၀)နှင့် (၈၀,၀၀၀) ကြား ပေးဝယ်ရသည့်အပြင် စစ်ရှောင်နှင့်ဒေသခံများနေထိုင်ရာသို့ ရောက်ရန် လမ်းခရီးကြမ်းတမ်းကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

၎င်းက “ရေက စစ်ရှောင်စခန်းတိုင်းလိုနေတာ လောက်ငှတယ်ဆိုတာ မရှိဘူး။ သွားလှူဖို့နေရာတွေကျတော့ လမ်းကဆိုး၊ တောင်တက်တောင် ဆင်းလမ်းကလည်း များတယ်။ ရေသီးသန့်ရောင်းပြီး ပိုက်ဆံပေးဝယ်ရသလို အလကားရတဲ့ နေရာတွေလည်းရှိပေမယ့် ဝေးတယ်။ ရေကားတွေကို ရေအလှူရှင်က တစ်စီးကို ဘယ်လောက်ဘယ်လောက်ဆိုပြီး ပြန်ဝယ်ပြီးမှ စစ်ရှောင်စခန်းတွေမှာလိုက်လှူရတာ” ဟု စစ်ရှောင်ကူက ဆိုသည်။

ရေရှားပါးမှုကြောင့် အများစုမှာ ကျောက်ကပ်နှင့်ယားနာရောဂါအဖြစ်များကြသည့်အတွက် ရေအလှူရှင် အဓိကလိုအပ်နေသလို အာဏာသိမ်းပြီးနောက်ပိုင်း စစ်မီးကြောင့် နေရပ်စွန့်ခွာနေထိုင်ရမှုနှင့် လူမှုစီးပွားရေး ကောင်းစွာမလည်ပတ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ထိုသို့ နွေရာသီရေရှားပါးမှုပြဿနာသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင်လည်း နှစ်စဥ်တွေ့ကြုံနေရပြီး ယခုနှစ်နွေရာသီတွင်မူ စခန်းတာဝန်ရှိသူများက ရပ်ကွက်အလိုက် နှစ်ရက်တစ်ကြိမ်အလှည့်ကျ ရေဖြန့်ဝေပေးနေရကြောင်း သိရသည်။

June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...
Photo: Myaung Education Network
June 2, 2026
ကြားကာလပညာရေးဖော်ဆောင်ရာတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် CDM များအား လခပေး ဝန်ထမ်းအဖြစ်...
Photo: KNU
June 1, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊...