စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု ပထမသုတ်မှာ ချင်းပြည်နယ်မပါ၀င်သေး

စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု ပထမသုတ်မှာ ချင်းပြည်နယ်မပါ၀င်သေး
Photo crd
Photo crd

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအရ အဓမ္မစစ်သားစုဆောင်းခေါ်ယူမှု ပထမသုတ်မှာ ချင်းပြည်နယ် မပါဝင်သေး ကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လက်နက်ကိုင်ခုခုံတော်လှန်မှု  အားကောင်းပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေအများစုကို ထိန်းချုပ်စိုးမိုး ထားသော ချင်းပြည်နယ်တွင် စစ်မှုမထမ်းမနေရအတွက် စာရင်းကောက်ယူပြုစုမှုအဆင့်မှာသာရှိနေပြီး စစ်မှုထမ်းရန် ဆင့်ခေါ်မှုများ မလုပ် သေးကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ တာ၀◌န်ရှိသူကပြောသည်။

“စာရင်းကောက်ယူရေးအဖွဲ့က စာရင်းကောက်ထားတာပဲ ရှိသေးတယ်။ ချင်းပြည်နယ်ကိုတော့ အခု အသုတ်မှာ ခေါ်မထားသေး ဘူး။ နောက်အသုတ်တွေမှာတော့ အကျုံးဝင်နိုင်ပါတယ်။ ပထမအသုတ်မှာက စုစည်းရခက်နေတဲ့အတွက်ကြောင့် မခေါ်သေး တာပါ။ ချင်းပြည်နယ်ဘက်မှာက အခုလောလောဆယ် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေသေးတယ်။ လူတွေကို စုပြီး ခေါ်ဖို့ကလည်း အဆင်မပြေသေးတဲ့အတွက် မခေါ်သေးပဲ ထားတာပါ” ဟု စစ်ကောင်စီစစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ချင်းပြည်တွင် စာရင်းကောက်ယူခံရပြီး ယခုပထမအသုတ်မှာ စစ်သားစုဆောင်းခံရပါက ပြန်လည်စိစစ်ပေးနိုင်ကြောင်း ၎င်းက ပြောသည်။

စစ်မှုမထမ်းမနေရဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်မှု ပထမအသုတ်တွင် ချင်းပြည်နယ်သည် မပါ၀◌င်သေးသော်လည်း နောက် အသုတ်များဆင့်ခေါ်သည့်အချိန်တွင် ပါ၀◌င်လာနိုင်ဖွယ်ရှိပြီး ယခုပထမအသုတ်တွင် မည်သည့်ပြည်နယ် နှင့် တိုင်းဒေသကြီး များပါ၀◌င်သည်ကိုမူ အထက်ပါတာ၀န်ရှိသူကပြောဆိုခဲ့ခြင်းမရှိပေ။

သို့သော် စစ်ကောင်စီ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်သော ထုတ်ပြန်ချက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ တနသ်ာရီတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့သာ ဖော်ပြထားပြီး ချင်း၊ ကချင်၊ ကရင်နှင့် ကရင်နီတို့ ပါ၀င်ခြင်းမရှိပေ။

Data for Myanmar ၏ မတ်လ ၂၂ ရက်နေ့အထိစာရင်းအရ စစ်ကောင်စီက မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းရန်ဆင့်ခေါ်မှုများလုပ်ဆောင်ခဲ့ပြီး ချင်းပြည်နယ်မှာလည်း ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီ မြို့တို့ပါ၀◌င် ကြောင်းသိရသည်။

တီးတိန်တွင် စစ်ကောင်စီအတွက် အတင်းအဓမ္မစစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီ၏ ဝန်ကြီးဌာနများမှ ဝန်ထမ်း (၅) ဦးကို PDF Zoland က ဖမ်းဆီးထိန်းသိမ်းထားသကဲ့သို့ အခြားသောချင်းကာကွယ်ရေးတပ်ဖွဲ့များကလည်း  ချင်းပြည်အတွင်း စစ်ကောင်စီ စစ်သားစုဆောင်းရာတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန်အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းခုခံတော်လှန်မှုများနှင့် ရင်ဆိုင်နေရပြီးနောက် မြို့များနှင့် စစ်စခန်းကြီးများ ဆုံးရှုံးမှုများ၊ တပ်ဖွဲ့ဝင် အများအပြားသေဆုံးမှုများနှင့် လက်နက်ချမှုများ ကြုံတွေ့နေရသည့် စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းကာ အရွယ်ရောက်လူငယ်များကို စစ်သားအဖြစ် ထမ်းဆောင်ခိုင်းရန် ဧပြီလအတွင်း  ပထမအသုတ်ကို အဓမ္မခေါ်ယူ လေ့ကျင့်ပေးမည်ဖြစ်သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...