ပဋိပက္ခကြားက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကောင်းမွန်စွာပြီးဆုံးခဲ့ကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာနပြော

ပဋိပက္ခကြားက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကောင်းမွန်စွာပြီးဆုံးခဲ့ကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာနပြော
KIC (ပုံဟောင်း)
KIC (ပုံဟောင်း)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု လက်နက်ကြီးပစ်ခတ်မှုစသည့် ပဋိပက္ခအခက်အခဲအကြပ်အတည်းမျိုးစုံကြားက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကောင်းမွန်စွာပြီးဆုံးအောင် လုပ်ဆောင်သွားနိုင်ခဲ့ကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန KECD က ပြောသည်။

ယခုနှစ် ပညာသင်နှစ်တွင် တိုက်ပွဲအတွင်းဖြစ်စေ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်သေဆုံးရသည့်ကျောင်းကော်မတီဝင် ၊ ကျောင်းဆရာဆရာမနှင့် ကျောင်းသူကျောင်းသားများရှိပြီး ဝမ်းနည်းစရာအတွေ့အကြုံ အခက်အခဲများကြားက ပညာသင်နှစ်ပြီး ဆုံးသည်အထိ အောင်မြင်စွာကြိုးစားနိုင်ခဲ့သည်ဟု KECD ဌာနမှူး ပဒိုစောလောအယ်မူးက မတ်လ ၂၉ ရက်နေ့တွင် ကေအဲန်ယူ၏ သတင်းနှင့် ပြန်ကြားရေးဌာနသို့ ပြောဆိုထားသည်။

ထို့ကြောင့် ပညာသင်နှစ် ပြီးဆုံးသည်အထိ ကိုယ်ကျိုးမငဲ့၊ လုံခြုံရေးအတွက်မငဲ့ဘဲ ကလေးလူငယ်များ၏ အနာဂတ်အတွက် အခက်အခဲကြားမှ အနစ်နာခံ ပညာသင်ပေးသည့် ကျောင်းဆရာဆရာမ နှင့်ပညာရေးအပိုင်း ဝိုင်းဝန်းထောက်ပံ့သူအားလုံးကို ကျေးဇူးတင်နေရကြောင်းလည်း ပဒိုစောလောအယ်မူးက ပြောဆိုသည်။

“ဒီလိုအခက်အခဲတွေကြားက ပညာသင်ပေးတဲ့ဆရာဆရာမတွေ၊ ပြီးဆုံးတဲ့အထိ ကျောင်းတက်ပြီး ကြိုးစား နိုင်ခဲ့တဲ့အတွက် အောင်မြင်မှုတစ်ခုပါပဲ။  သူတို့ရဲ့လူမျိုးနဲ့ သူတို့ရဲ့တော်လှန်ရေးအတွက် အလုပ်လုပ်နေ တာ လည်းဖြစ်တယ်။ ဒါကြောင့် ပညာရေးပိုင်းမှာ ဝိုင်းဝန်းထောက်ခံပြီး ကိုယ်ကျိုးစွန့် ခဲ့ကြတဲ့သူတွေကို အရမ်း ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်နဲ့ဘယ်အချိန်လာပစ်မလဲ၊ ကျည်ဆံဘယ်တော့ကျမလဲ မသိဘူး။ သူတို့ရဲ့လုံခြုံရေးမငဲ့ဘဲကလေးလူငယ်အနာဂတ်ပညာရေးအတွက် အချိန်ပေးအနစ်နာခံတဲ့အတွက် ဂုဏ်ယူ အသိမှတ်ပြု ကျေးဇူးတင်ရတယ်”ဟု ပဒိုစောလောအယ်မူးက ပြောသည်။

၂၀၂၃- ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအောက်ရှိ စာသင်ကျောင်းပေါင်း ၁၄၆၇ ကျောင်းရှိကာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းရှိပြီး ကျောင်းတွင်း စာမေးပွဲ ကျင်းပနိုင်သည့်အပြင် ကော်သူးလေအစိုးရ စစ်စာမေးပွဲများလည်း အဆင့်ဆင့် ကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မူလတန်းအဆင့် ကော်သူးလေအစိုးရစစ်  Grade-6 စာမေးကို ဝင်ရောက်ဖြေဆိုသူ ၆၂၅ဦး၊ အလယ်တန်းအဆင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၁၇၀၃ ဦးနှင့် အထက်တန်းအဆင့် Grade -12 ဝင်ရောက်ဖြေဆိုသူ ၁၃၃၂ဦး ရှိကြောင်း လည်း KECD စာရင်းအရ သိရသည်။

ထို့အပြင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနတိုက်ရိုက်ဦးဆောင်မှုအောက်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအပြင်  အထက်တန်းလွန်အဆင့် အငယ်တန်းကော့လိပ်ကျောင်း ၁၁ ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသားပေါင်း ၂၉၂၆ဦးနှင့် ကျောင်းဆရာဆရာမ ၂၁၅ဦးရှိကြောင်းလည်း သိရသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...