ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာတချို့ တော်လှန်ရေးတပ်ဖွဲ့များ ထပ်မံသိမ်းပိုက်

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာတချို့ တော်လှန်ရေးတပ်ဖွဲ့များ ထပ်မံသိမ်းပိုက်
Photo: CJ
Photo: CJ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ  စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာအချို့တွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား ပစ်ခတ်တိုက်ခိုက်နေကြသည်မှာ (၄)လ ဝန်းကျင်ခန့်ရှိနေပြီးဖြစ်သည့် ကော့ကရိတ်မြို့တွင် ယခုအချိန်ထိ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ကာ ယမန်နေ့က စစ်ကောင်စီ တပ်စွဲထားသည့်‌ နေရာအချို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိ‌ထားကြောင်း ရှေ့တန်း ရောက်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

၎င်းက"တိုက်ပွဲက အမြဲတမ်းဖြစ်တယ်။ အခုရက်ပိုင်းက ပြန်ပြီးပြင်းထန်နေတယ်။ မနေ့က စစ်ကောင်စီ တပ်စွဲထားတဲ့တောင်ပေါ်ကျောင်းမှာ ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်တယ်။ ဇိနသုခဘုရားမှာလည်း တိုက်ပွဲဖြစ်တယ်။ နှစ်ဖက်လုံးတော့ ထိခိုက်မှုရှိတယ်"ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)ထိန်းချုပ်နယ်‌မြေ၊ နဘူးမြို့နယ် ဘက်တွင်လည်း ယခုရက်ပိုင်း စစ်ရေးအခြေအနေတင်းမာလာပြီး စစ်ကြောင်းထိုး လှုပ်ရှားနေသည့် စစ်‌ကောင်စီတပ်ဖွဲ့များသည် ဖြတ်သန်းသွားလာသူ ဒေသခံများကို ခြိမ်းခြောက်မှုများလုပ်ဆောင်နေကြောင်း ဒေသခံရွာသားများက ပြောသည်။

"ရင်ကွဲတောင်စခန်း တိုက်ခိုက်ခံရတဲ့နောက်မှာ စစ်ကောင်စီတပ်‌တွေ နဘူးက‌နေစစ်ကြောင်း ထိုးလာတာရှိတယ်။ ကမရာရွာအဝင် ရာဘာခြံမှာလည်းစစ်ကောင်စီတပ်တွေ စစ်‌ကြောင်းလှုပ်ရှားတာရှိတယ်။ သွားလာတဲ့ပြည် သူတွေကိုတွေ့ရင် သေနတ်နဲ့ချိန်ပြီးကြိုးနဲ့တုပ်ဖို့‌ ခြိမ်းခြောက်တာတွေ လုပ်နေတယ်။ "ဟု ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့မှုတိုက်ပွဲများ ပိုမိုပြင်းထန်းလာကာ နှစ်ဘက်ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရှိရသည်။ လက်ရှိ ကော့ကရိတ်မြို့တွင် မြို့ခံလူထုများနေထိုင်ခြင်းမရှိတော့သလို လူနေအိမ် အဆောက်အဦးများလည်း မီးလောင်ပျက်စီးပြီး မြို့ပျက်တစ်ခုလိုဖြစ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...